BREAKING
April 7, 2025

ငလျင်ကြောင့် ရပ်ထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ပြန်ကျင်းပရန် မဟနဆုံးဖြတ်

April 6, 2025

ပုံစာ - မဟန တာဝန်ကျ ဒုတိယအဖွဲ့ခွဲ ဧပြီလ ၂ ရက်က အစည်းအဝေး ကျင်းပစဥ်။ ဓာတ်ပုံ - နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ။

ငလျင်ဘေးဒဏ်ကြောင့် စာဖြေဌာနအချို့ ပြိုကျ၍ စာဖြေရဟန်းများ ပိမိကာ ပျံလွန်တော်မူခဲ့ပြီးနောက် ရပ်နားထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ဆုံးဖြတ်လိုက်ကြောင်း အစည်းအဝေးမှတ်တမ်းအရ သိရသည်။

ဧပြီလ ၂ ရက်က ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာနာယကကျောင်းတော်တွင် ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဒုတိယအဖွဲ့ခွဲ၏ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စာမေးပွဲ ပြန်လည်ကျင်းပရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ကျင်းပမည့်ရက်ကို သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြန်လည်တင်ပြရန် စီစဥ်နေဆဲဖြစ်သည်ဆိုသဖြင့် ပြန်လည်ကျင်းပမည့်ရက်ကိုမူ မသိရသေးပေ။

“စာမေးပွဲက ငလျင်ဘေးဒဏ်သင့်တာတွေ ကယ်ဆယ်ရေးတွေ လုပ်ပြီးတဲ့အချိန်လောက်မှ ပြန်ကျင်းပမယ်လို့ပြောပါတယ်။ ဝါမဝင်ခင်တော့ ပြန်ဖြေကြမယ်လို့ ထင်ပါတယ်။ ရက်အတိအကျပြန်ကြေညာပါဦးမယ်။ အခုကတော့ အဖြေလွှာတော့ သေချာ သိမ်းထားခိုင်းတယ်” ဟု မြိတ်ခရိုင် ဓမ္မာစရိယစာဖြေဌာန တာဝန်ကျ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ရှိ ဓမ္မာစရိယစာဖြေဌာန ဦးလှသိန်းဗိမာန် တိုးချဲ့ဆောင်ပြိုကျကာ ရဟန်းအပါးတစ်ရာကျော်ပိတ်မိခဲ့သဖြင့် ရှာဖွေကယ်ဆယ်ရာ ၈၅ ပါး အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး ပျံလွန်တော်မူသည့် ရဟန်းအပါး ၅၆ ပါး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၉ရက်တွင် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို ရပ်နားလိုက်ကြောင်း စစ်ကောင်စီ က ရုပ်မြင်သံကြားများက ကြေညာခဲ့သည်။