BREAKING
April 7, 2025

ငလျင်ဒဏ်ခံရသည့် မန္တလေး၊ စစ်ကိုင်းတို့တွင် လေပြင်းတိုက်ပြီး မိုးရွာ

April 6, 2025

ပုံစာ - မန္တလေးတွင် ယနေ့ ဧပြီလ ၅ရက် ညပိုင်း လေပြင်းတိုက်ပြီး မိုးသည်းထန်နေစဉ်။ ဓာတ်ပုံ - Thiha Htun Zaw

ငလျင်ဘေးဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ယနေ့ ဧပြီလ ၅ ရက် ညပိုင်းတွင် လေပြင်းတိုက်ကာ မိုးသည်းထန်နေသည်။

ငလျင်ကြောင့် ပြိုပျက်အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေနေချိန်၊ နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေမှုကြောင့် နေအိမ်၊ တိုက်ခန်းများတွင် မနေရဲဘဲ လမ်းပေါ်ထွက် ညအိပ်နေရချိန် ယခုကဲ့သို့ကြုံရခြင်းဖြစ်သည်။

ငလျင်ဒဏ်ကို အပြင်းအထန်ခံရသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး အပြင် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တွေမှာ ယနေ့ ဧပြီလ ၅ရက်ညမှ ဧပြီလ ၁၃ ရက်အတွင်း နေရာကွက်ကျား မိုးရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မိုးဇလက ထုတ်ပြန်ထားသည်။

တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဖော်ပြသည်။

အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် မိုးရွာခြင်းဖြစ်ကြောင်း ဖော်ပြသည်။