BREAKING
January 18, 2025

ထားဝယ်တွင် တန်ဆာခ ဈေးပိုတောင်းလာဟုဆို

April 6, 2023

အဝေးပြေးယာဉ်လိုင်းဖြင့် သယ်ယူပို့ဆောင်သည့် ပစ္စည်းများအတွက် တန်ဆာခဈေးနှုန်းများကို ပိုမိုတောင်းခံမှုများ ရှိလာကြောင်း ထားဝယ်က ပစ္စည်းတင်ပို့သူအချို့က ပြောသည်။

လမ်းခရီးလုံခြုံမှု မရှိဟု အကြောင်းပြကာ ကားဂိတ်အချို့က တန်ဆာခများကို ပိုတောင်းလာကြောင်း ထားဝယ်မြို့မှ အဝတ်အထည်များ ဖြန့်ဖြူးရောင်းချနေသည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပစ္စည်းက လမ်းကြောင်းအခြေအနေ နည်းနည်းမအေးလို့ဆိုပြီး တန်ဆာခကို ပိုယူတယ်ဆိုပြောတယ်။ အရင်တုန်းက အထုတ်ကြီးတစ်ထုတ်ကို တစ်သောင်းကျော်ဆို အခုနှစ်သောင်းလောက်ဖြစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီ ဈေးတက်လာမှုကြောင့် ၂၀၂၂ ခုနှစ် ဇွန်လကလည်း တန်ဆာခဈေးနှုန်း တစ်ကြိမ်ဈေးတက်ခဲ့သေးသည်။ သုံးထောင်ကျပ်ခန့် ပေးရသည့် ပစ္စည်းထုတ် တစ်ထုတ်ကို ငါးထောင်ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် တန်ဆာခဈေးနှုန်းများ တစ်စတစ်စ ထပ်တက်လာပြီး ယခင် ငါးထောင်ပေးရသည့် ပစ္စည်းထုတ်တစ်ခုကို ခုနစ်ထောင်ကျပ်အထိ ပေးနေရကြောင်း ကုန်ပစ္စည်းပို့ဆောင်နေသူတို့က ဆိုသည်။

မတ်လအတွင်းတွင် သိသိသာသာ ဈေးတက်လာကြောင်း ၎င်းတို့က ပြောသည်။

မတ်လ အစပိုင်းတွင် ရန်ကုန်မှ ထားဝယ်သို့ အိမ်သုတ်ဆေးပုံးတစ်ပုံး တင်ဆောင်ရာတွင် တန်ဆာခ ၈၀၀၀ ကျပ် ပေးရပြီး ယင်းကားလိုင်းဖြင့်ပင် မတ်လ ၂၂ ရက်တွင် ထပ်မံတင်ဆောင်ရာ တန်ဆာခ ကျပ်တစ်သောင်း ပေးရကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကားလိုင်းဖြင့်ပင် နောက်တစ်ရက် မတ်လ ၂၃ရက်တွင် ထပ်မံမှာယူရာ တန်ဆာခ တစ်သောင်းခွဲ တောင်းကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒီ (မတ် ၂၂) နေ့က ဆေးပုံးသုံးပုံးလုံးတင်ဖို့ကို သူတို့က ပေးမတင်ဘူး။ နှစ်ပုံးပဲ လက်ခံမယ်တဲ့။ ပစ္စည်းရောက်လာတော့ တစ်ပုံးကို တစ်သောင်းပေးရတယ်။ ပထမတခေါက်နဲ့စာရင် နှစ်ထောင်ပဲကွာတာဆိုတော့ ပေးလိုက်တယ်ပေါ့နော်။ နောက်တစ်ခေါက် တင်တဲ့အခါကျတော့ တစ်ပုံးတည်းကို ၁၅၀၀၀ ယူပစ်လိုက်တယ်။ ဘယ်လိုပဲ ပြောပြော မရဘူး” ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။

ရန်ကုန်မှ ပစ္စည်းတစ်ခု ဝယ်ယူပါက ရောင်းသူဘက်က ကားဂိတ်တင်ပေးရုံသာတင်ပေးပြီး ကားဂိတ်က တောင်းသည့် နှုန်းထားအတိုင်း ပစ္စည်းဝယ်ယူလက်ခံသူဘက်က တန်ဆာခကျသင့်သလောက် လိုက်ရှင်းပေးနေရသည်ဟုလည်း ပစ္စည်းတင်ပို့သူနှင့် ပစ္စည်းလက်ခံသူအချို့က ပြောသည်။

ထို့ကြောင့် ကားဂိတ်အချို့မှာ ပစ္စည်းအတွက် တန်ဆာခကို ၎င်းတို့ကြိုက်သလို သတ်မှတ်ဈေးဖြင့် ဖြတ်ကာ တောင်းယူနေခြင်းဖြစ်သည်ဟု အထက်ပါ ထားဝယ်မြို့ခံ အမျိုးသားက ပြောဆိုသည်။

Online မှ အထည်ဝယ်ယူခဲ့ဖူးသည့် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း ရန်ကုန်က အထည်ကို ဝယ်ယူရာတွင် ပစ္စည်းတန်ဖိုး ထက်ဝက်ခန့်အထိ တန်ဆာခပေးဆောင်လိုက်ရကြောင်း ပြောသည်။

တန်ဆာခ ဈေးပိုတောင်းလာသဖြင့် အမြတ်အစွန်းနည်းလာကြောင်း ထားဝယ်မြို့၊ ပုံကျွန်းလမ်းရှိ ဖက်ရှင်အထည်များ ရောင်းသည့် ဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကားခတွေကတော့ တက်နေတာပဲ။ ဈေးထက်တက်လာတော့ ကိုယ်စားရတာနည်းတာပေါ့။ ကားခတွေပဲ ပေးနေရသလိုမျိုးဖြစ်နေတယ်။ အထုတ်ငယ်ဆို တန်ကိုမတန်ဘူး။ အထုတ်ကြီးရင် နည်းနည်းတော့ တွက်ခြေကိုက်တယ်” ဟု ၎င်းက ပြောသည်။

တန်ဆာခဈေးပိုတောင်းနေသည်ဆိုသည့် ကားဂိတ်အချို့ကို Dawei Watch က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်မူ ဈေးတင်ထားခြင်းမရှိကြောင်း ဖြေကြားကြသည်။

ကားဂိတ်တစ်ခု ဝန်ထမ်းအမျိုးသမီးတစ်ဦးကမူ တန်ဆာခဈေးနှုန်းကို ဈေးအနည်းငယ် တင်ထားကြောင်း ပြောသော်လည်း အကြောင်းအရင်းကို ဖြေကြားခြင်း မရှိခဲ့ပေ။