စစ်ကောင်စီက မကြာခင်ကျရောက်တော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ဖို့ အားသွန်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ မီးခိုးငွေ့တွေ၊ အထွေထွေအကျပ်အတည်းတွေနဲ့ စိတ်ပျက်စရာ အခြေအနေကို အာဏာသိမ်း စစ်ကောင်စီက ပြည်ဖုံးကားချလိုက်ချင်ပါပြီ။
သင်္ကြန်ပွဲတော်ကို စည်ကားအောင် လုပ်လိုက်ယုံနဲ့ အမှန်တကယ် ဖြစ်ပျက်နေတာတွေ ကွယ်ပျောက်သွားမှာလား ဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုဘူးထင်ပါတယ်။
ဒါပေမဲ့လည်း မကြာခင်ကျင်းပတော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကတော့ အသေအချာပါပဲ။
မြန်မာနိုင်ငံတောင်ပိုင်းက ထားဝယ်မြို့ထဲမှာဆိုရင်လည်း သင်္ကြန်မဏ္ဍပ်တွေ ပြီးလုနီးပါးဖြစ်နေကြပြီ။
ဒီနှစ်ထားဝယ်မြို့ထဲ သင်္ကြန်မဏ္ဍပ်သုံးခုနဲ့ မြို့ပြင်မှာတစ်ခု စုစုပေါင်း လေးခုလောက်ရှိနိုင်ပါတယ်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နားက ဗဟိုမဏ္ဍပ်၊ ဖိုးသီးချိုကလေးကစားကွင်းနားမှာက တစ်ခု၊ တိုင်းအစိုးရဖွဲ့ရုံးနံဘေး ဆောက်လုပ်ရေးဦးစီးဌာနရုံးဝင်းထဲမှာတစ်ခု၊ ထားဝယ်အဝေးပြေးဝင်းဘက်ကိုသွားတဲ့လမ်းက တပ်နယ်မဏ္ဍပ်တစ်ခု အားလုံးပေါင်းလေးခုပါ။
မနှစ်သင်္ကြန်တုန်းကလည်း စည်ကားအောင်လုပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘူးလို့ပဲဆိုရမှာပါ။
ဒီနှစ်သင်္ကြန်ရော စည်းကားနိုင်ပါ့မလား။
မြို့ထဲမှာတော့ သင်္ကြန်ပစ္စည်းရောင်းတဲ့ဆိုင် သိပ်မတွေ့ရဘူး။ ရောင်းနေတဲ့ဆိုင်က လက်ချိုးရေလို့ရနေပါတယ်။
အရင်တုန်းကဆို ရေစိုခံအိတ်လိုမျိုး၊ ရေသေနတ်လိုမျိုး၊ ပန်းကုံးတွေဆိုတာ မြို့ထဲဘယ်ဆိုင်ဝင်မေးမေး ဝယ်လို့ရနေတဲ့ပစ္စည်းတွေပါ။
စီးပွားရေးသမားဆိုတာက စျေးကွက်ကို ကြိုတင်ခန့်မှန်းနိုင်တယ်လေ။ သူတို့တွေ မရောင်းဘူးဆိုတာ စျေးကွက်ဝယ်လိုအား မရှိလို့ဆိုတာ အသေအချာပါပဲ။
ဈေးသည်တစ်ယောက်ကလည်း သင်္ကြန်ပစ္စည်းဝယ်တဲ့သူမရှိလို့ နယ်တွေဖက်သူတွေများ ဝယ်မလားလိုက်မေးပြီး ရောင်းနေရတယ်လို့ဆိုတယ်။
“ရေပြွတ်တွေ ရောင်းမကောင်းလို့ အဒေါ်လည်း ကံပေါက်တို့ ရေဖြူတို့ဘက်ကို စပ်ပြီးရောင်းနေရတယ်”လို့ ဆိုပါသေးတယ်။
ထားဝယ်ဈေးကြီးထဲ ရောက်တော့လည်း သင်္ကြန်ပစ္စည်းရောင်းနေတာသိပ်မတွေ့ရ။ နယ်ကနေ မှာယူတဲ့သူတွေကလည်း သိပ်မရှိလို့ ဆိုကြတယ်။
အရင်ကဆို သင်္ကြန်အတွက်ပစ္စည်းတွေ ဝယ်ဖို့နယ်ကနေတက်လာကြတဲ့ ကား၊ ဆိုင်ကယ်တွေဟာ ဈေးကြီးပတ်ပတ်လည်မှာ ရပ်စရာနေရာတောင်မရှိ။
ကုန်စုံဆိုင်တွေမှာလည်း တိုးကြိတ်နေကြတာ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းမရမှာစိုးလို့ စျေးတောင်မမေးအားဘူး ပစ္စည်းရဖို့ အလုအယက်ယူ တောင်းတဲ့စျေးပေး ဝယ်ကြရတာမဟုတ်လား။
အခုတော့ အဲဒီလူတွေ ဘယ်ရောက်ကုန်ပြီလဲလို့တောင်မေးရမလိုဖြစ်နေပြီ။
အတာအိုးရောင်းနေတဲ့သူ နှစ်ယောက်တော့တွေ့ခဲ့တယ်။
သကြားမင်းကြိုတယ်ဆိုတဲ့ ဓလေ့တောင် အာဏာသိမ်းမှုနဲ့အတူ ပါသွားပြီလားမသိ။
တူးပို့သံလဲမကြားရ။ အုန်းလက်မဏ္ဍပ်နဲ့ ရေစုဆော့ဖို့ စီစဉ်နေတဲ့လူငယ်တွေလည်းမရှိ။ စတုဒီသာ ဘယ်နားကျွေးမယ်ဆိုတာ ဘယ်သူမှမသိသလို စိတ်ဝင်တစားလည်းမရှိကြ။
အတိုချုပ်ပြောရမယ်ဆိုရင် သင်္ကြန်မဏ္ဍပ်ဆောက်နေတာ တစ်ခုကလွဲပြီး ထားဝယ်မြို့ထဲ သင်္ကြန်ရဲ့ အငွေ့အသက်တွေ ကင်းမဲ့နေတယ်လိုခံစားမိတယ်။
မြန်မာနိုင်ငံက မဟာသင်္ကြန်ဆိုတာ တစ်နိုင်ငံလုံး ကလေး၊လူကြီးမရွေး ဘယ်လိုပုံစံနဲ့ ပါဝင်ဆင်နွှဲရင်ကောင်းမလဲဆိုပြီး ဧပြီလဆန်းကတည်းက လှုပ်လှုပ်ရွရွဖြစ်နေကြတာလေ။
တစ်စုတစ်ဖွဲ့က စည်းကားအောင်လို့ ဖိအားပေးနေစရာ မလိုတဲ့ မြန်မာ့ရိုးရာပွဲတစ်ခုလို့ ဆိုရင်လည်း မမှားဘူး။
ဒီလိုပါပဲ ထားဝယ်လူမျိုးတွေရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဆိုတာ တခြားဒေသတွေနဲ့မတူဘဲ တမူထူးခြားလှပါတယ်။
ပုံမှန်သင်္ကြန်ပွဲတော်ရက်ထက် ၃ ရက်စောပြီး ၇ ရက်တိုင်တိုင် ရေပက်ကစားကြတဲ့ ဓလေ့ရှိပါတယ်။
အဲဒီ ၃ ရက်စောပြီး ရေပက်ကြတာကို ကလေးသင်္ကြန် တစ်နည်းအားဖြင့် သားဂန်းဂြန် လို့ခေါ်ကြပါတယ်။
ဒါတင်ပဲလားဆိုတော့ အကျွေးအမွေးလေးတောင် ပါသေးတယ်ပြောရမယ်။
သင်္ကြန်ကာလအတွင်း ရေစိမ်ထမင်းကို ငါးခြောက်ဖုတ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်းထားတဲ့ပေါင်းထုပ် စတာတွေအပြင် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း စသဖြင့် စုံနေအောင် ကျွေးမွေးလှူဒါန်းကြတာပါ။
ထားဝယ်လူမျိုးဆိုတာ သင်္ကြန်ကို ဒီလိုပါဝင်ဆင်နွှဲကြတဲ့ လူမျိုးတွေပါ။
အခုများတော့ သင်္ကြန်ပွဲတော် မစည်ကားမှာစိုးလို့ ဖိအားပေးနေရတယ်ဆိုတော့ကာ ပြည်သူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေမပါတဲ့ မဟာသင်္ကြန်က ဘယ်လိုဖြစ်လာမလဲ။
Dawei Watch စာဖတ်ပရိသတ်တွေရော ဘယ်လိုထင်ပါသလဲ။ ကွန်မန့်မှာဆွေးနွေးသွားလို့ရပါတယ်။
ဆူးကင်