မြိတ်မြို့နှင့် တနင်္သာရီမြို့ပြည်ထောင်စုလမ်းပေါ်ရှိ ရမ်းဖိုတံတားတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တံတားကျိုးကျကာ တစ်ဖက်နိမ့်သွားသဖြင့် ယာဉ်များဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ယာဉ်မောင်းများနှင့် ဒေသခံများထံမှ သိရသည်။
ဧပြီလ ၅ ရက် ညနေက တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုတံတားပေါ်ဖြတ်မောင်းလာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရခြင်းဖြစ်သည်ဟုဆိုသည်။
တံတားပျက်စီးသွားသောကြောင့် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ဘဲ လှည့်ပြန်နေရကြောင်း ယာဉ်မောင်းများက ပြောသည်။
“လူနာတင်ယာဉ်တောင် သွားလို့မရတော့ဘူး။ အကုန်လုံးလှည့်ပြန်နေရတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
ရမ်းဖိုတံတားသည် မြိတ်နှင့် တနင်္သာရီမြို့ကြား ပြည်ထောင်စုလမ်းတွင်ရှိပြီး ယင်းတံတားကို ဖြတ်ပြီးမှ တနင်္သာရီမြို့၊ မောတောင်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ သွားရောက်နိုင်သည်။
အဆိုပါတံတားမှာ လတ်တလောတွင် စစ်ရေးပြင်းထန်နေသဖြင့် ပြည်သူကာကွယ်ရေးမဟာမိတ်တပ်များက သွားလာခွင့်ပိတ်ထားသည့် လမ်းပေါ်တွင် တည်ရှိသည်။
ဘန်းလမွတ်ကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ဧပြီ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့်ကား မိုင်းဆွဲခံရပြီး ထိခိုက်မှုများ ရှိခဲ့သေးသည်။
မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းနှင့် ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့အကြား မတ်လ ၂၈ ရက်မှ စတင်ကာ ဧပြီလ ၅ရက်အထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
တိုက်ပွဲရက်ဆက်ဖြစ်နေသောကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်က ထုံခါ-မောတောင်လမ်းကို မတ်လ ၃၁ ရက်နေ့က ပိတ်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင်လည်း မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ပြည်ထောင်စုလမ်းကို ထပ်ပိတ်လိုက်ကြောင်း ကြေညာခဲ့သည်။
သို့သော် ယာဉ်အချို့မှာ သွားလာနေသလို စစ်ကောင်စီတပ်ကားများသည်လည်း ယင်းယာဉ်များနှင့် ရောနှောကာ လိုက်ပါလာနေကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယနေ့ ကော့သောင်းဘက်မှ တက်လာသည့်ကားများသည် တိုက်ပွဲဖြစ်နေသည့်အတွက် ရေ့ဆက်မရဘဲ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာတွင် ပိတ်မိနေကြောင်း ယာဉ်မောင်းများ၏ ပြောဆိုချက်အရသိရသည်။
“မောတောင်လမ်းလည်း သွားမရတော့ဘူး။ သစ်ပင်ကြီးတွေ လှဲချထားတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက တနင်္သာရီနှင့် ပုလောမြို့နယ်အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ယင်းဒေသနှစ်ခုစလုံးတွင် တိုက်ပွဲပြင်းထန်လာသည်။
မတ်လ ၂၉ ရက်မှစကာ ယနေ့အထိ တနင်္သာရီမြို့နယ်၊ မောတောင်၊ ဘုတ်ပြင်း လမ်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။