ကမ္ဘာ့ဂရင်းနစ်စံချိန်တင် အချိန်အကြာဆုံး နမ်းနိုင်ကြသူများဖြစ်သော ထိုင်းစုံတွဲသည် နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
၎င်းတို့နှစ်ဦးသည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး နမ်းနိုင်သူများအဖြစ် ဆယ်စုနစ်တစ်ခုကြာအောင် စံချိန်တင်ထားသူများဖြစ်သည်။
အေကချိုင်နှင့်လက်စနတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ပတ္တယားတွင် ကျင်းပခဲ့သော မာရသွန်အနမ်းပွဲတွင် နှုတ်ခမ်းချင်း ၅၈ နာရီ ၃၅ မိနစ်ကြာအောင် နမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ထပ်မံတင်ထားနိုင်သူများဖြစ်သည်။
၂၀၁၁ ခုနှစ်က အချိန် ၄၆ နာရီ ၂၄ မိနစ်ကြာအောင် နမ်းနိုင်သော ၎င်းတို့၏ စံချိန်ကိုပင် ထပ်မံချိုးဖျက်ထားခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း အေကချိုင်က ပြီးခဲ့သောဖေဖော်ဝါရီလက အတည်ပြုလိုက်သည်။
၎င်းတို့နှစ်ဦးသည် အချိန်ကြာကြာ အတူတူဖြုန်းခဲ့ကြပြီး ဘဝတွင် တစ်ကြိမ်သာရရှိခဲ့သော အတွေ့အကြုံအတွက် ဂုဏ်ယူမိကြောင်း အေကချိုင်က ဘီဘီစီသတင်းဌာနထံသို့ ပြောကြားထားသည်။
လက်ရှိတွင် ကွာရှင်းပြတ်စဲမှု အခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောဆိုကြခြင်းမရှိဘဲ တစ်ဦးနှင့် တစ်ဦး အချင်းချင်း လေးစားမှုကို ပြသနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
မာရသွန်အနမ်းပွဲ ကျင်းပစဉ် ဂရင်းနစ်စံချိန် ထပ်မံတင်နိုင်ရန်အတွက် နှစ်ဦးသား နှုတ်ခမ်းများကို အတင်းထိကပ်ထားရပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရကြောင်း ၎င်းက ပြောသည်။
၂၀၁၃ ခုနှစ် မာရသွန်အနမ်းပွဲ ကျင်းပစဉ်က ၎င်းတို့နှစ်ဦးသား ခရီးထွက် အနားယူရန် စီစဉ်ထားသော်လည်း ဆုကြေးငွေ ဘတ် ၁ သိန်းနှင့် စိန်လက်စွပ်နှစ်ကွင်းက ၎င်းတို့ကို ဆွဲဆောင်ခဲ့သဖြင့် ထပ်မံဝင်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦး ဂရင်းနစ်စံချိန် ထပ်မံချိုးဖျက်နိုင်ခဲ့သော်လည်း အချို့ပြိုင်ပွဲဝင်များ ဆေးရုံတက်ရသည်အထိ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့သည်။
ပြိုင်ပွဲအလယ်တွင် အနားယူချိန် သတ်မှတ်ထားသော်လည်း အခြားစုံတွဲများက သတိလစ်ခြင်းကဲ့သို့ နေမကောင်းဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် အေကချိုင်နှင့် လက်စနတို့အတွဲသာ ကျန်ရှိခဲ့ကာ ကမ္ဘာ့ဂရင်းနစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
Ref: The Thaiger