BREAKING
March 6, 2025

အဏုမြူလက်နက်ဖြင့် ဥရောပတိုက်ကို ရုရှားရန်မှကာကွယ်နိုင်ရေး ပြင်သစ်ကြိုးပမ်း

March 6, 2025

ပြင်သစ်ပိုင် အဏုမြူလက်နက်များ အသုံးပြုကာ ဥရောပတိုက်ကို ရုရှားရန်မှ ကာကွယ်ရေးအတွက် ဖြစ်နိုင်ခြေကို ဥရောပမဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများတွင် ပြင်သစ်နိုင်ငံတစ်ခုတည်းကသာ အဏုမြူလက်နက် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ဥရောပလုံခြုံရေးအတွက် အမေရိကန်၏ ပူးပေါင်းပါဝင်မှု မရှိတော့မည့်အရေး စိုးရိမ်မှုများ မြင့်တက်လာချိန် ပြင်သစ်သမ္မတက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းထဲတွင် ပြင်သစ်သမ္မတက ရုရှားသည် “ပြင်သစ်နှင့် ဥရောပအတွက် ခြိမ်းခြောက်မှုတစ်ခု” ဟု ပြောဆိုခဲ့ပြီး “ကျွန်တော်တို့ရဲ့ အဏုမြူလက်နက်အကာအကွယ်နဲ့ ဥရောပတိုက်က ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အရေး မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ” ဟုလည်း ပြောဆိုလိုက်သည်။

အဏုမြူလက်နက်အသုံးပြုခွင့်ကို ပြင်သစ်သမ္မတ၏ လက်မှာသာ ထားရှိမည်ဟု မက်ခရွန်က ဆိုသည်။

ဂျာမဏီရွေးကောက်ပွဲအနိုင်ရထားသည့် ဖရက်ဒရစ်ဇ်မာ့ဇ်က အဏုမြူလက်နက်ကို ပြင်သစ်နှင့်အတူ မျှဝေသုံးစွဲဖို့ မကြာသေးမီက တောင်းဆိုခဲ့ပြီးနောက် ပြင်သစ်သမ္မတက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းကို ကူညီထောက်ပံ့ပေးရေးနှင့် ဥရောပကာကွယ်ရေးအတွက် ဥရောပခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတစ်ခုကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ယနေ့ ကြာသပတေးနေ့၌ ကျင်းပသွားမည် ဖြစ်သည်။

ယင်းထိပ်သီးအစည်းအဝေးတွင် ဥရောပလုံခြုံရေးအတွက် အဏုမြူလက်နက်အကာအကွယ် ထားရှိရေးကိုပါ ဆွေးနွေးသွားမည်ဟု သိရသည်။

“ဥရောပရဲ့ အနာဂတ်ကို ဝါရှင်တန်ကလည်း ဆုံးဖြတ်လို့ မရဘူး။ မော်စကိုကလည်း ဆုံးဖြတ်လို့ မရဘူး” ဟု ပြင်သစ်သမ္မတမက်ခရွန်က ပြောသည်။ ၁၉၈၉ ခုနှစ် ဘာလင်တံတိုင်းပြိုကျခဲ့ပြီးနောက် ပြီးခဲ့သည့် အနှစ် ၃၀ အတွင်း ငြိမ်းချမ်းတည်ငြိမ်မှုမှာ လက်ရှိအချိန်တွင် ပြီးဆုံးသွားပြီဟု ၎င်းက ဆိုသည်။

နေတိုးအဖွဲ့ဝင် ဥရောပမဟာမိတ်နိုင်ငံများသည် ဥရောပတိုက်ကာကွယ်ရေးအတွက် အမေရိကန် အဏုမြူလက်နက်အဟန့်အတားကိုသာ ဆယ်စုနှစ်များစွာ မှီခိုအားထားလာခဲ့သည်။

ယူကရိန်းစစ်အဆုံးသတ်ရေး သဘောတူညီချက်ရပြီးလျှင် ရုရှားက ယူကရိန်းကို နောက်တစ်ကြိမ် ထပ်မံကျူးကျော်ခြင်း မပြုရန် ဥရောပမဟာမိတ်နိုင်ငံများက ဆောင်ရွက်ဖို့ လိုသည် ၊ ယင်းအတွက် ယူကရိန်းကို ရေရှည်ထောက်ပံ့ပေးသွားပြီး ဥရောပတပ်ဖွဲ့များကို ယူကရိန်းတွင် တပ်ဖြန့်ထားရနိုင်ခြေ ရှိသည်ဟု မက်ခရွန်က ဆိုသည်။

ဥရောပကုန်စည်များအပေါ် စည်းကြပ်ခွန် မချမှတ်ရန် အမေရိကန်သမ္မတထရမ့်ကို နားချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း မက်ခရွန်က ပြောသည်။

ဥရောပကုန်စည်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအထိ ချမှတ်ရန် ထရမ့်က ခြိမ်းခြောက်ထားသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးကို အားနည်းချည့်နဲ့အောင် ဥရောပသမဂ္ဂက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခဲ့သည်ဟု ထရမ့်က စွပ်စွဲထားပြီး ယင်းစွပ်စွဲချက်ကို ဥရောပခေါင်းဆောင်များက ငြင်းဆန်ကြသည်။

Source: France 24