BREAKING
March 6, 2025

တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ရက်ဆက်ဗုံးကြဲ

March 6, 2025

ပုံစာ - စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ထိမှန်ပျက်စီးသွားသည့် စာသင်ကျောင်းနှင့် နေအိမ်များ။ ဓာတ်ပုံ - KNU

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းဒေသဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ကော့ကရိတ်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား မတ်လဆန်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အစွန်း၊ ကော့နွဲ့နှင့် ရွာသစ်ကုန်းကျေးရွာဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် နေ့စဉ် လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“တိုက်ပွဲက ရွာထဲမှာဖြစ်နေတာ မဟုတ်ပေမယ့် အခု လေယာဉ်နဲ့ ဗုံးလာကြဲနေတာက ရွာထဲမှာဖြစ်နေတယ်။ လေယာဉ်နဲ့က တစ်နေ့ ၃/၄ ကြိမ်လောက် လာနေတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း မသိတော့ဘူး။ လူတွေလည်း ထွက်ပြေးကုန်ပြီ။ ရွာမှာဆိုတော့ အိမ်တွေ ထိတယ်။ လူတွေလည်း ထိတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်က အစွန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်သောကြောင့် ကျေးရွာနေ အသက် ၂၈ နှစ်အရွယ်နှင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာ ရသည့်အပြင် နေအိမ် သုံးလုံးလည်း ထိခိုက်ပျက်စီးကြောင်း KNU က ထုတ်ပြန်ထားသည်။

မတ်လ ၄ ရက် မွန်းလွဲပိုင်းကလည်း ဘော့ဒိုင်းကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျေးရွာစာသင်ကျောင်းနှင့် ဆိုင်ကယ် ထိခိုက်ပျက်စီးမှုလည်း ရှိကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့သဖြင့် ကော့နွဲ့နှင့် ရွာသစ်ကုန်းကျေးရွာက နေအိမ်အလုံး ရာနှင့်ချီ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အရပ်သားပြည်သူများ လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေကြောင်း KNU က ထုတ်ပြန်ထားသည်။