BREAKING
March 6, 2025

ထိုင်းတွင် ချစ်သူနှင့်စကားများထားသည့် မြန်မာအမျိုးသားတစ်ဦး ရထားအတိုက်ခံကာ သေဆုံး

March 6, 2025

ချစ်သူနှင့်စကားများထားသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ ရထားအတိုက်ခံကာ မိမိကိုယ်ကို အဆုံးစီရင်မှု ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မတ်လ ၄ ရက်နေ့က အသက် ၂၂ နှစ်အရွယ် မြန်မာလူငယ်သည် ချစ်သူနှင့် ဗီဒီယိုဖုန်းခေါ်ဆိုခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူသည် ချွန်ဘူရီခရိုင်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်သောနေ့က မြန်မာလူငယ်သည် အသက် ၂၀ နှစ်အရွယ် ချစ်သူနှင့် ရထားလမ်းပေါ် စကားများ ရန်ဖြစ်ခဲ့ကြောင်း မြန်မာအမျိုးသမီးက ရဲတပ်ဖွဲ့သို့ ဖြေကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ၈ လကြာ ချစ်သူအဖြစ် အတူနေသူများဖြစ်ပြီး မြန်မာလူငယ်က အလုပ်ထွက်၍ မြန်မာနိုင်ငံရှိ အိမ်သို့ ပြန်၍ နေထိုင်ချင်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အိမ်ပြန်လိုက်ရန် ခေါ်သောအခါ အမျိုးသမီးက ငြင်းဆန်ခဲ့သဖြင့် စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် မြန်မာလူငယ်က အိမ်ပေါ်က ဆင်းသွားခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့နောက် မြန်မာလူငယ်သည် ရထားလမ်းပေါ် ရောက်ရှိလာပြီး သူမကို ဗီဒီယိုဖုန်းခေါ်ဆိုခဲ့ကာ စကားများခဲ့ကြသေးကြောင်း ယင်းအချိန် ရထားလာစဉ် မြန်မာလူငယ်က ရထားမီးကိုမြင်လားဟု သူမကို ပြပြီးနောက် ဖုန်းကျသွားခဲ့ကြောင်း အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဖြေကြားထားသည်။

နောက်ထပ် အဆက်အသွယ်မရတော့သဖြင့် ယင်းနေရာသို့ အမျိုးသမီးက လိုက်သွားကြည့်ရာ အချိန်ကြာကြာ ရှာဖွေခဲ့ပြီးနောက် ရထားလမ်းဘေးတွင် ဖိနပ်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အနီးတဝိုက်ကို ထပ်မံလိုက်ရှာကြည့်ရာ ရထားလမ်းအောက်က သစ်ပင်ဘေးတွင် မြန်မာလူငယ်၏ အလောင်းကို တွေ့ရှိခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့များ ရောက်လာသောအခါ မြန်မာလူငယ်သည် သေဆုံးချိန် ၁၂ နာရီကျော်နေပြီဖြစ်ပြီး ခေါင်းတွင် သွေးထွက်ဒဏ်ရာများစွာရရှိထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ချစ်သူမိန်းကလေးဖြစ်သူ၏ ဖြေကြားချက်နှင့် ဒဏ်ရာများကို စစ်ဆေးပြီးနောက် မြန်မာလူငယ်သည် ရထားအတိုက်ခံ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

Ref: The Thaiger, The Pattaya News