BREAKING
March 6, 2025

အမေရိကအပေါ်ချထားသည့် ကုန်သွယ်ခွန်နှုန်း မြင့်မားနေဟု တောင်ကိုရီးယားကို ထရမ့်ဝေဖန်

March 6, 2025

အမေရိကအတွက် တောင်ကိုရီးယားက သတ်မှတ်ထားသည့် ကုန်သွယ်စည်းကြပ်ခွန်မှာ မြင့်မားနေပြီး တရုတ်ထက်ပင် ပိုဆိုးရွားနေသည်ဟု သမ္မတထရမ့်က ကွန်ဂရက်လွှတ်တော်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

တရုတ်၏ ကုန်သွယ်စည်းကြပ်ခွန်နှုန်းထားက အမေရိကန်ထက် နှစ်ဆပိုမြင့်နေသော်လည်း တောင်ကိုရီးယား၏ ပျမ်းမျှကုန်သွယ်စည်းကြပ်ခွန်နှုန်းထားမှာ အမေရိကန်ထက် လေးဆ ပိုမြင့်နေသည်ဟု ထရမ့်က ဆိုသည်။

“ကျွန်တော်တို့က တောင်ကိုရီးယားကို စစ်ရေးနဲ့ အခြားအကူအညီတွေ အများကြီး ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့အပေါ် ဒီလို လုပ်တယ်”ဟု ၎င်းက ပြောသည်။

ထရမ့်က ယင်းသို့ ပြောသော်လည်း အမေရိကန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (FTA) အရ နှစ်နိုင်ငံကြား ကုန်သွယ်မှု ၉၈ ရာခိုင်နှုန်းနီးပါးမှာ ကုန်သွယ်စည်းကြပ်ခွန် မရှိသလောက်နီးပါးဖြင့် လွတ်လပ်စွာ ကုန်သွယ်နေကြခြင်းဖြစ်သည်။

“တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေ ထားရှိဖို့ အပါအဝင် အမေရိကန်ရဲ့ လုံခြုံရေး အကူအညီအတွက် အလဲအလှယ်အနေနဲ့ တောင်ကိုရီးယားအစိုးရက ကုန်သွယ်ရေး လိုက်လျောချက်တွေ လုပ်ရကောင်းလုပ်ရနိုင်တယ်”ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်။

ယင်းကြောင့် တောင်ကိုရီးယားအပေါ် ထရမ့်အစိုးရက မြင့်မားသည့် ကုန်သွယ်စည်းကြပ်ခွန်များ ချမှတ်လာမည်လားဟု စိုးရိမ်မှုများ ပေါ်ထွက်လာနေသည်။

အမေရိကန်အတွက် လုံခြုံရေးနှင့် စီးပွားရေးအရ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် တရုတ်ကို ရှုမြင်သော်လည်း တောင်ကိုရီးယား၏ ကုန်သွယ်စည်းကြပ်ခွန်နှုန်းထားမှာ တရုတ်၏ ကုန်သွယ်စည်းကြပ်ခွန်နှုန်းထားထက် ပိုကြီးမားနေသည်မှာ ပြဿနာတစ်ရပ်ဖြစ်သည်ဟု ထရမ့်က ပြောသည်။

မော်တော်ကား ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း အစရှိသည့် တောင်ကိုရီးယား၏ အဓိကပို့ကုန်များအပေါ် ကုန်သွယ်စည်းကြပ်ခွန် ချမှတ်မည်လားဆိုသည်ကို ဧပြီလ ၂ ရက်နေ့ နောက်ဆုံးထားပြီး အိမ်ဖြူတော်က ဆုံးဖြတ်သွားမည် ဖြစ်သည်။

Source: The Dong-A ILBO