BREAKING
April 22, 2025

စစ်ကောင်စီတပ် ဖမ်းထားသည့် တနင်္သာရီ သိန်ခွန်းရွာက စစ်ရှောင် ၁၈ဦး အဆက်အသွယ်မရသေး

March 6, 2025

ပုံစာ - ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သိန်ခွန်းရွာရှိ နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပုံ။

တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သိန်ခွန်းရွာက စစ်ဘေးရှောင်ပြည်သူ ၁၈ဦးမှာ တစ်ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများ ထံမှ သိရသည်။

သိန်ခွန်းရွာမှာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိသည်။ ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ကာ စစ်ကြောင်းထိုးမှုများနှင့် တိုက်ပွဲများကြောင့် သိန်ခွန်းရွာသားများမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူများဖြစ်သည်။

ယင်းသို့ တိမ်းရှောင်နေကြရာမှ ဖေဖော်ဝါရီလ ၂၈ရက် မွန်းလွဲ ၁နာရီခန့်က စစ်ရှောင်ပြည်သူ ၁၈ ဦးမှာ သိန်ခွန်းရွာအနီးရှိ ဥယျာဉ်ခြံအတွင်း ကွမ်းသီး သွားခူးချိန် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တွေ့ကာ ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။

”အခုအချိန်ထိတော့ သူတို့နဲ့ ဆက်သွယ်လို့မရဘူး။ စစ်ကြောင်းလှုပ်ရှားနေတဲ့ သိန်ခွန်းနယ်မြေမှာ သူတို့ (စကစ) သွားတဲ့နောက် ခေါ်ဆောင်နေတယ်လို့တော့ သိရတယ်” ဟု စစ်ရှောင်နေသည့် ဒေသခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ရှစ်ဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ပြည်သူများကိုတွေ့ရှိပါက ဖမ်းဆီးလေ့ရှိသည့်အတွက် ကြိုတင်ရှောင်တိမ်းသင့် ကြောင်း တော်လှန်းရေးတပ်တစ်ခုဖြစ်သည့် KNLA တပ်ရင်း ၁၁ တပ်ခွဲမှူး ကိုချစ်က ဆိုသည်။

“တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ ငါတို့ဘာမှမဆိုင်ဘူး။ ငါတို့ပြည်သူတွေပဲဆိုပြီး စစ်ကောင်စီနဲ့တွေ့ရင် ကြည့်ပြောလိုက်လို့ ရနိုင်တယ် မတွေးနဲ့။ မရှောင်ရင် စစ်ကောင်စီက ဖမ်းဆီးလူသားဒိုင်းအဖြစ် သုံးတာခံနေရတာ“ ဟု ၎င်းက ပြောဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ သုံးလဝန်းကျင်ရှိလာပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် သိန်ခွန်းရွာရှိနေအိမ် ငါးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များလည်းရှိသည်။