မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ယောက်မဖြစ်သူ ရိုက်နှက်ရာမှ ခြောက်နှစ်အရွယ်မိန်းကလေးငယ် သေဆုံးကြောင်း ရုပ်အလောင်းကို ကူညီပို့ဆောင်ပေးခဲ့သည့် စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) နှင့် မြို့ခံအချို့ထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်၊ ဟံသာ၀တီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၅ရက် ညနေပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။
သေဆုံးသူ မိန်းကလေးငယ်မှာ မိဘများအိမ်ထောင်ရေး အဆင်မပြေမှုကြောင့် အဘွားဖြစ်သူ၏ နေအိမ်၌ နေထိုင်ကြောင်း အထက်ပါအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ညိုမဲစွဲဒဏ်ရာများတွေ့ရကြောင်း ၎င်းက ဆိုသည်။
“ကလေးမိဘတွေလည်းကွဲနေတယ်။ ကလေးက အဘွားနဲ့နေတယ်။ သူအိမ်မှာနေတဲ့ အမျိုးသမီး (ယောက်မ) ကပဲ တံမြက်စည်းနဲ့ ရိုက်တယ်လို့သိရတယ်။ (ကလေး) ကျောနဲ့ ရင်ဘက်မှာ ညိုမဲနေတာတွေ့ရတယ်” ဟု အထက်ပါ အသင်းဝင်က ပြောဆိုသည်။
ကလေးအား ရိုက်နှက်ခဲ့သည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။ ကလေးငယ်အား ရိုက်နှက်သူမှာ ကလေးငယ် အစ်ကိုဖြစ်သူ၏ ဇနီးဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ယင်းနေအိမ်ကိုလာရောက်စစ်ဆေးနေသည်ကို တွေ့ခဲ့ရပြီး ကလေးငယ်၏ အဘွားဖြစ်သူနှင့် မိသားစုဝင်များကိုလည်း စစ်ဆေးနေသည်ကို တွေ့ရကြောင်း မြို့ခံအမျိုးသား အခြားတစ်ဦးက ပြောဆိုသည်။
“ရဲက စစ်နေချိန် သူတို့အိမ်သားတွေ အားလုံးရှိတယ်” ဟု ၎င်းက ပြောသည်။
ကလေးကို ရိုက်နှက်သည့် ယောက်မဖြစ်သူ မငွေအောင်ဆိုသူကို သံဖြူဇရပ်မြို့ရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း မွန်ပြည်နယ်အခြေစိုက်သတင်းဌာနများတွင် ဖော်ပြသည်။
ကလေးငယ်၏ ရုပ်အလောင်းကို စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) က နေအိမ်မှ သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။