BREAKING
February 23, 2025

ဂါဇာမှ ပါလက်စတိုင်းများ ထွက်သွားရေးအတွက် အစ္စရေးစစ်တပ် အသင့်ပြင်

February 6, 2025

ပုံစာ - အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ပျက်စီးနေသည့် ဂါဇာကမ်းမြောင်ဒေသ တစ်နေရာကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - AP Photo/Abdel Kareem Hana

ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းအမြောက်အများ ထွက်ခွာသွားမည့် အစီအစဉ်အတွက် ပြင်ဆင်ထားရန် စစ်တပ်ကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ယနေ့ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

ယင်းအစီအစဉ်တွင် ပါလက်စတိုင်းများအဖို့ ဂါဇာကမ်းမြောင်ဒေသမှ ကုန်းကြောင်းခရီးဖြင့် ထွက်ခွာနိုင်မည့် နည်းလမ်းများ၊ ရေကြောင်း၊ လေကြောင်းခရီးမှတစ်ဆင့် ထွက်ခွာနိုင်မည့် အထူးအစီအစဉ်များ ပါဝင်သည်ဟု ၎င်းကဆိုသည်။

ပါလက်စတိုင်းများ ဂါဇာမှ ထွက်ခွာပြီး ကမ္ဘာပေါ်ရှိ နေရာပေါင်းစုံတွင် ရွှေ့ပြောင်းနေထိုင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရဲတင်းသည့် အဆိုပြုချက်ကို ထောက်ခံကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ပါလက်စတိုင်းများအနေဖြင့် ဂါဇာသို့ တစ်နေ့ ပြန်လာနိုင်ခွင့် ရှိမရှိနှင့် ပတ်သက်၍ ၎င်းက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။

ပါလက်စတိုင်းများ ထွက်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေး လုပ်သွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က အဆိုပြုခဲ့သည်။

ယင်းအတောအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေအများစုကို အခြားနိုင်ငံများတွင် ရာသက်ပန်ပြောင်းရွှေ့ အခြေချစေမည်ဟု သမ္မတထရမ့်က ဆိုသည်။

ထရမ့်၏ ယင်းအစီအစဉ်ကို ပါလက်စတိုင်းများနှင့် နိုင်ငံတကာအသိုက်အဝန်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်လျက်ရှိသည်။ ယင်းအစီအစဉ်သည် အတင်းအဓမ္မနေရပ်စွန့်ခွာစေမှုဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။

အဆိုပါ နေရပ်ရွှေ့ပြောင်းစေမှုသည် ယာယီမျှသာဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိများက နောက်ပိုင်းတွင် ပြန်လည်ပြောဆိုခဲ့သော်လည်း အစ္စရေးက ၎င်းတို့အား ဂါဇာသို့ လုံးဝပြန်ခွင့်မပြုတော့မည်ကို ပါလက်စတိုင်းများက စိုးရိမ်လျက် ရှိသည်။

ဂါဇာကမ်းမြောင်ဒေသသည် လက်ရှိအချိန်တွင် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား ၁၅ လကြာ စစ်ပွဲအပြီး လူနေထိုင်ရန် မဖြစ်နိုင်တော့သည်အထိ ပျက်စီးနေပြီ ဖြစ်သည်။

အမေရိကန်နည်းတူ အစ္စရေးနိုင်ငံသည်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်သွားမည် ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က အသိပေးထုတ်ပြန်ခဲ့သည်။

Source : Associated Press