BREAKING
April 11, 2025

ထားဝယ်မြို့က မင်္ဂလာဆောင်သို့လာသည့် လူငယ်အမျိုးသမီးသုံးဦးဖမ်းဆီးခံရ

February 6, 2025

ပုံစာ - အလှသစ်စင်တာအနီးမြင်ကွင်း

ထားဝယ်မြို့ပေါ်က မင်္ဂလာဆောင်သို့လာသည့် သရက်ချောင်းမြို့နယ် ရန်တောင်ရွာသူ လူငယ်အမျိုးသမီးသုံးဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် အလှသစ်စင်တာ အပြင်ဘက်သို့ ကြိုတင်ရှိနေပြီး အမျိုးသမီးသုံးဦး ဈေးဝင်ဝယ်စဉ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရန်တောင်ရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။

“မင်္ဂလာပွဲကပြန်လာပြီး အလှသစ်စင်တာမှာ ဈေးဝင်ဝယ်တာတဲ့၊ ဈေးဝယ်တုန်းမှာပဲ ဖမ်းခံရတာလို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံရသူတို့မှာ အသက် ၂၀ ဝန်းကျင်အရွယ် မမီးအိ၊ မဇင်မာစိုး၊ မဖြူစင်စိုးတို့ဖြစ်ပြီး ကြိုတင်သတင်းရပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ခံအချို့နှင့် ရန်တောင်ရွာက ဒေသခံအချို့က ပြောသည်။

ဖမ်းဆီးခံရသူ လူငယ်အမျိုးသမီးသုံးဦးကို ထားဝယ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ပြန်လွတ် မလွတ်ဆိုသည်ကိုမူ မသိရသေးဟု ဒေသခံအချို့က ဆိုသည်။

၎င်းတို့သုံးဦးစီးလာသည့် ဆိုင်ကယ်နှစ်စီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းယူသွားကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်မြို့မရဲစခန်းအနီးက အလှသစ်ဈေးဝယ်စင်တာအပြင်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာခဏ တွေ့ရလေ့ရှိကြောင်း ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။