BREAKING
February 23, 2025

တိုက်ပွဲကြောင့် ငါးဖမ်သူနည်းလာသဖြင့် ငါးနီတူ စျေးတက်

February 6, 2025

ပုံစာ - လောင်းလုံးမြို့နယ် ကမ်းခြေတစ်ခုရှိ ရေကြည်ငါးလုပ်ငန်းခွင်

ထားဝယ်ဒေသတွင် ယခုနှစ် ရေကြည်ငါး (ခေါ်) ငါးနီတူ အခြောက် စျေးတက်ကြောင်း ထားဝယ် ရေကြည်ငါးစျေးကွက်အတွင်းက သိရသည်။

ထားဝယ်မြို့ ရေကြည်ငါးလက်ကားစျေးတွင် တစ်ပိဿာလျှင် ယမန်နှစ်က ၁၂,၀၀၀ ကျပ်သာ စျေးအများဆုံးရှိခဲ့ပြီး ယခုလက်ရှိတွင် ၁၇,၀၀၀ကျပ် စျေးရှိကြောင်း စျေးကွက်အတွင်းက သိရသည်။

“အမှန်က ဒီအချိန်စျေးတက်လို့(လေ့) မရဘူး။ စပေါ်ကတည်းက ဒီစျေးပဲ။ မိုးတွင်းဆို နှစ်သောင်းကျော် သွားနိုင်တယ်” ဟု ထားဝယ်မြို့ရှိ ရေကြည်ငါးကုန်သည်တစ်ဦးက ပြောသည်။

ရေကြည်ငါးလှိုင်လှိုင်ထွက်သည့် လောင်းလုံးမြို့နယ် ညောပြင်နှင့် စမ်းလှမ်းရွာများတွင် ယခုနှစ်အတွင်း တိုက်ပွဲများနှင့် စစ်ကြောင်း မကြာခဏ ထိုးမှုများကြောင့် ရေကြည်ငါးဖမ်းသူ ယခင်နှစ်များထက် နည်းလာကြောင်း ၎င်းက ဆိုသည်။

“ညောပြင်မှာဆို မနှစ်က (ငါးရှာသူ) ငါးယောက် လောက်ရှိတယ်။ အခု နှစ်ယောက်ပဲရှိပြီ။ ကျွန်မတို့ကိုယ်တိုင် ဆင်း မဝယ်ရဲတော့ဘူး။ ထုတ်လုပ်သူတွေကိုယ်တိုင် မြို့ပေါ်ပြောင်းလာကြတော့ သယ်ယူစရိတ်ကြီးလာတာလည်းပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့ လက်လီ၊ လက်ကားစျေးဖြစ်သည့် ကမ်းနားစျေးတွင် ပြီးခဲ့သည့် နှစ်လခန့်ကတည်းက ရေကြည်ငါး တစ်ပိဿာ နှစ်သောင်းဝန်းကျင်ဖြင့် စတင်ရောင်းချနေကြကြောင်း စားသုံးသူအိမ်ရှင်မတစ်ဦးက ပြောသည်။

“ပေါ်စကတည်းက တစ်ဆယ်သား နှစ်ထောင်ပေးရတယ်။ မနှစ်ကဆိုရင် တစ်ထောင်ပဲ” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်ဒေသထွက် ရေကြည်ငါးခြောက်ကို ရန်ကုန်၊ မန္တလေးအပြင် ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ စျေးကွက်သို့လည်း ပုံမှန်ပို့ဆောင်ပေးနေရကြောင်း ရေကြည်ငါးအရောင်းဝယ်လုပ်သူများထံမှ သိရသည်။

ထားဝယ်ဒေသတွင် ရေကြည်ငါးကို မိုးအကုန်ဖြစ်သည့် သီတင်းကျွတ်လမှ တန်ခူးလအထိ ထုတ်လုပ်ကြပြီး မိုးတွင်းကာလတွင် ရေကြည်ငါးစျေးမှာ နွေရာသီစျေးထက် ပိုပြီး စျေးနှုန်းမြင့်လေ့ရှိသည်။