BREAKING
February 24, 2025

မဲဆောက်တွင် ကုန်ကားပေါ်ရှိ ပြောင်းဆန်များအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာ ၈ ဦး ဖမ်းခံရ

February 6, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ကုန်တင်ကားပေါ်ရှိ ပြောင်းဆန်(ပြောင်းဖူးစေ့)များအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာနိုင်ငံသား ၈ ဦးကို ယနေ့ နံနက် ၁ နာရီအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မဲဆောက်မြို့ မယ်ပဒေသတွင် ကုန်တင်ကားတစ်စီးကို နယ်ခြားစောင့်တပ်က စစ်ဆေးရာတွင် ကားနောက်ခန်းတွင် ပြောင်းဆန်များကို တာလပတ်ဖြင့် ဖုံးထားကြောင်း၊ တာလပတ်ကို လှန်လိုက်ရာတွင် ပြောင်းဆန်များအောက်တွင် မြန်မာအမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ပုန်း၍ လိုက်လာသည်ကို တွေ့ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

ဖမ်းမိသူများကို စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း‌‌၊ ဘန်ကောက်အနီး စမွတ်ပရကန်ခရိုင်တွင် အလုပ်လုပ်ကိုင်ရန် လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားကိုလည်း ဖမ်းဆီးခဲ့ပြီး မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ဟုဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို ထိုင်းဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး တရားမဝင် ဝင်ရောက်လာသူများ ဖမ်းဆီးခံရမှု ဆက်တိုက်ရှိလာနေ၍ သတိထားကြရန် အလုပ်သမားအဖွဲ့များက တိုက်တွန်းထားသည်။

Ref: Khaosod English, Matichon Online, CH 7