တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်- တနင်္သာရီလမ်းပိုင်းကို ရက်ရှည်ပိတ်ထားသည့်အတွက် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ဆန်အပါအဝင် စားသောက်ကုန်နှင့် ကုန်ပစ္စည်းများ ဈေးတက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဆိုပြီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို NUG ၏ တောင်ပိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) က ဇန်နဝါရီလ ၂၃ရက်မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သည်။
ထိုကဲ့သို့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် ဆန်နှင့် စားသောက်ကုန်များကို မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ်ဘက်သို့ ရေကြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။
ဘုတ်ပြင်းမြို့သို့ ရောက်ချိန်တွင်လည်း ရောင်းချမည့် ကျေးရွာများအထိ ကားဖြင့်တစ်ဆင့်ခံ ပြန်သယ်နေရသဖြင့် သယ်ယူ ပို့ဆောင်စရိတ် မြင့်မားရာ ကုန်ဈေးနှုန်းလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရေတစ်တန် ကုန်းတစ်တန်ဆိုတော့ သယ်ယူစရိတ်တွေ များတယ်။ ဒေသတွင်းမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လို့ မဖြစ်ဘူးဆိုတော့ ရတဲ့လမ်းကြောင်းက သယ်နေရတယ်” ဟု ၎င်းက ပြောဆိုသည်။
ဒေသတွင်းနေပြည်သူများ စားသုံးမှုများသည့် ဆန်ကြမ်းအမျိုးအစား တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခွဲဝန်းကျင်အထိ ဈေးတက်လာကြောင်း ဒေသခံအချို့က ပြောသည်။
လမ်းမပိတ်မီကမူ တစ်အိတ်လျှင် ကျပ်တစ်သိန်းတစ်သောင်းဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ဆန်အပါအဝင် စားသောက်ကုန်များ ပြတ်လပ်ခြင်းမရှိသေးသော်လည်း ပျမ်းမျှအားဖြင့် ဈေးနှစ်ဆ ခန့် တက်လာကြောင်း လေညာကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ယခင်က စားအုန်းဆီ ငါးဆယ်သား(တစ်လီတာနီးပါး) တစ်ဘူးကို ကျပ်ရှစ်ထောင်ဝန်းကျင်သာရှိရာက လက်ရှိတွင် ကျပ်တစ်သောင်းဝန်းကျင် ဈေးရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ငါးသေတ္တာဘူး၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ကုန်များလည်း ယခင်ထက် ဈေးတက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“လမ်းပိတ်ထားတယ်ဆိုပေမယ့် ကုန်ပစ္စည်းပြတ်လပ်တာမျိုးမရှိဘဲ ဈေးတော့တော်တော်တက်လာတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
တောင်ပိုင်းစစ်ဒေသတိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေခံရုံး၏ ထုတ်ပြန်ချက်တွင် လမ်းပိတ်ရခြင်းမှာ အများပြည်သူလုံခြုံရေး ကို ရှေးရှုထုတ်ပြန်ခြင်းဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် သွားလာဖြတ်သန်းခွင့်ပြုမည့်အချိန်ကို ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။