BREAKING
February 22, 2025

တနင်္သာရီတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် သုံးရက်ဆက်ဗုံးကြဲ

February 6, 2025

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာနှင့် သိန်ခွန်းရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် သုံးရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်တပ်ဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ထုံမခါကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း သိန်ခွန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ထုံမခါမှာ (တိုက်ပွဲ)တောက်လျှောက်ဖြစ်နေတာ။ (စစ်ကောင်စီတပ်က)လေကြောင်းကလည်းပစ်ကူပေးနေတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

အင်အား ၂၇၀ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၇ ရက်နေ့မှစကာ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်ဘက်မှ ထုံမခါကျေးရွာကို ဦးတည်စစ်ကြောင်းထိုးလာပြီး လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ထုံမခါကျေးရွာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစကာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ထုံမခါကျေးရွာရှိ အရပ်သားနေအိမ် ၆လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့က ဆိုသည်။

ထိုသို့စစ်ကြောင်းထိုးလာပြီး တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေသည့်အတွက် ထုံမခါရွာနှင့် အနီးဝန်းကျင်ကျေးရွာနေ ဒေသခံများ ရွာလုံးကျွတ်စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း ထုံမခါရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က လမ်းပြအဖြစ်ခေါ်ဆောင်သွားတဲ့ ထုံမခါရွာသားသုံးယောက်လည်းပြန်မလွတ်သေးဘူးလို့ကြားထားတယ်။ အခြေအနေကမတည်ငြိမ်တော့ အတိအကျပြောလို့မရဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုးလာချိန် ငါးမိုင်ရွာတွင် ဖေဖော်ဝါရီလ ၂၈ရက်နေ့ကတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ၂၉ရက်နေ့တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်သည့်အတွက် အဆိုပါတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။