ထားဝယ်အရှေ့တောဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် က္လားသစ္ဏတ် (ကျားသစ်နက်) တပ်ဖွဲ့ နှင့် ဘီလုံးပျောက်ကြားတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့ထံ စစ်ကောင်စီတပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံကြောင်း ယင်းစစ်ကြောင်းက ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်သည်။
ဘက်ပြောင်းခိုလှုံလာသူများသည် ထားဝယ်အခြေစိုက် ခလရ ၂၆၇ စစ်ကောင်စီတပ်ရင်းက တပ်သားစိုးသန်းနှင့် ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် ခလရ ၂၇၃ စစ်ကောင်စီတပ်ရင်းက တပ်သား ညီညီဇင်တို့ ဖြစ်ကြောင်း ဖော်ပြသည်။
၎င်းတို့နှစ်ဦးစလုံးမှာ ထားဝယ်ဒေသခံများမဟုတ်ကြောင်း ကျားသစ်နက်အဖွဲ့ထံမှ သိရသည်။
တပ်သားညီညီဇင်သည် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်၊ ဂျိုးဖြူရှိ အမှတ် ၁ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် (၂) သင်တန်း တက်ခဲ့ရသူဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
၎င်းတို့နှစ်ဦးသည် ထားဝယ်အရှေ့တောဒေသကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ ရက် စစ်ကြောင်းထိုးဝင်လာခဲ့သည့် စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် တပ်သားနှစ်ဦးဖြစ်ကြောင်း ဆိုသည်။

ယင်းစစ်ကြောင်းမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ထွက်ပြေးလာကာ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ပြီး လုံခြုံရေး အခြေအနေကြောင့် တစ်လကျော်အကြာမှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ကျားသစ်နက်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည် ။
ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးတွင် လက်နက်မပါလာသော်လည်း ဂုဏ်ပြုငွေချီးမြှင့်ပေးထားပြီး တပ်ဖွဲ့၌ အတူစောင့်ရှောက်ထားကြောင်း ၎င်းက ပြောဆိုသည်။
“လောလောဆယ်တော့ လက်နက် ပေးမကိုင်သေးဘူး။ သူတို့သဘောဆန္ဒကိုစောင့်ရင်း လက်နက်မပါဘဲ လုပ်လို့ရတဲ့ တာဝန်အချို့ လုပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ကံပေါက်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်း သင်တန်း အပတ်စဥ် ၁ နှင့် ၂ သင်တန်းဆင်း တပ်သားရှစ်ဦး ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။