မြိတ်မြို့ ၊ အနောက်လယ်ရပ် ၊ အမှတ် ၂ ဘောတံတားအနီးတွင် ယနေ့(ဖေဖော်ဝါရီလ၆) မနက် ၁၁ နာရီခွဲဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဘောတံတားအနီးရပ်ထားသည့် စက်သုံးဆီများ တင်ထားသော လှေတစ်စီးမှ မီးစတင်လောင်ကျွမ်းကြောင်း ကနဦးသိရပြီး နောက်ဆက်တွဲ အခြေအနေကိုစုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ မီးလောင်မှုတွင် လူထိခိုက်မှုမရှိကြောင်း မီးလောင်ပြင်တွင် သွားရောက်ကူညီပေးနေသည့် ပရဟိတအဖွဲ့များထံမှသိရသည်။




မီးလောင်မှုကို နေ့လယ် ၁၂နာရီ ၁၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
“ ကျွန်တော်တို့ အခုမီးလောင်ပြင်မှာဆက်ရှိနေသေးတယ် ။ မီးကြွင်းမီးကျန်တွေတော့ ကျန်သေးတယ် “ ဟု မြိတ်မြို့ခံပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ်ဆန်းပိုင်းတွင်ပင် မြိတ်ခရိုင်တွင် မီးလောင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။