BREAKING
January 9, 2025

မြောက်ဦးနှင့် ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းယူ

February 6, 2024

ပုံစာ - မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းကို AA က ဇန်နဝါရီလ ၃၀ ရက်တွင် သိမ်းယူခဲ့စဉ်။

ရခိုင်ပြည်နယ် မြောက်ဦးနှင့် ကျောက်တော်မြို့တို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

မြောက်ဦးမြို့တွင် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၈ တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှာ ကျောက်တော်မြို့တွင် အခြေစိုက်သည်။

မြောက်ဦးမြို့တွင် တပ်ရင်းသုံးခုရှိသည့်အနက် ခမရ ၅၄၀ တပ်ရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိမ်းယူခဲ့သဖြင့် မြောက်ဦးတွင် သိမ်းယူခံရသည့် တပ်ရင်းနှစ်ခုအထိ ရှိလာတယ်။ ထို့ကြောင့် မြောက်ဦးတွင် ခမရ ၃၇၇ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့သည်။

ကျောက်တော်မြို့တွင် စကခ (၉) လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။

ကျောက်တော်မြို့တွင် စကခ-၉ အပါအဝင် ခမရ ၃၇၄၊ ၃၇၅ နှင့် ၃၇၆ တပ်ရင်းများ ကျန်ရှိသည်။ ယင်းအနက် ခမရ ၃၇၄ တပ်ရင်းကို AA က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိမ်းယူခဲ့သေးသည်။ ယင်းနောက် ခြောက်ရက်အကြာတွင် ခမရ ၃၇၆ ကို ထပ်မံသိမ်းယူလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေသွား ကားလမ်းဘေးက ကန်စောက်တောင်အောက်တွင်ရှိသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် ၅၃၉ တစ်ခုလုံး တပ်ဖွဲ့ဝင် သုံးရာနီးပါး ဇန်နဝါရီလ ၁၆ ရက်တွင် လက်နက်ချခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌ ဖေဖော်ဝါရီလ ၅ရက်က နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများရှိပြီး ပြင်းပြင်းထန်ထန် မဖြစ်သော်လည်း စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ကြောင်း AA က ထုတ်ပြန်သည်။

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ) ကိုလည်း ဖေဖော်ဝါရီလ ၅ ရက်တွင် ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။