ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ မြန်မာရွေ့ပြောင်း စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ယူနေသော ထားဝယ်ဒေသခံ ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ညဘက်က ရွာအတွင်းရှိ ဘုရားပွဲကို စက်ဘီးဖြင့် သွားသော ကလေးငယ်နှစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ကားတိုက်ခံရပြီးနောက် ကလေးငယ်နှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့ရပြီး ဆေးရုံတွင် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကလေးတွေက ငယ်ငယ်လေးတွေ။ ရွာထဲက စာသင်ဝိုင်းလေးထဲမှာ တက်နေကြတာ။ ဒုတိယတန်းပဲ ရှိသေးတယ်။ သူတို့က ပွဲဈေးတန်းကို စက်ဘီးနဲ့သွားတုန်း ကားနဲ့ ဝင်တိုက်ခံရတာ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
သေဆုံးသူသည် အသက် ၈ နှစ်အရွယ် မောင်ကြယ်စင်ဟိန်းဖြစ်ပြီး မိဘဖြစ်သူများမှာ ထားဝယ်မြို့ ကြက်စားပြင် ဇာတိဖြစ်ကြောင်း သိရသည်။
ကားတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ်များ၏ သေဆုံးဒဏ်ရာရရှိမှုများအတွက် သက်ဆိုင်ရာအာဏာပိုင်များက လာရောက်ပြောဆိုဆွေးနွေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ နစ်နာကြေးရရှိအောင် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများလည်း မရှိသေးသဖြင့် မြန်မာအလုပ်သမားအဖွဲ့အစည်းများအနေဖြင့် ကူညီဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုထားသည်။
လက်ရှိတွင် ကလေးငယ်၏ အလောင်းကို ထပ်လမုရွာ ရွှေမြန်မာ ကံထူးရှင်ကျောင်း (လမ်ကင်း) တွင် ထားရှိထားပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။