ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စိုင်းမိုင်နယ်မြေတွင် ထိုင်းနိုင်ငံသား၏ ခြိမ်းခြောက်ပြောဆိုမှုကိုခံရသဖြင့် အကူအညီ လာရောက်တောင်းခံသည့်မြန်မာနိုင်ငံသားကို ကူညီဖျန်ဖြေပေးစဉ် ထိုင်းရဲအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၃ ရက် ည ၈ နာရီခန့်က ချလုံဖုံလမ်းရှိ ဆံပင်ညှပ်ဆိုင်ရှေ့တွင် စိုင်းမိုင်ရဲစခန်းက အသက် ၅၅နှစ်အရွယ် ဒုရဲမှူးကြီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။
သေနတ်ပစ်သတ်သူသည် ဆိုင်ကယ်နှင့် ကားပြင်ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံသားတစ်ဦးနှင့် စကားအချေအတင်ဖြစ်ပြီး ရန်ဖြစ်ခဲ့ကြောင်း ဆိုသည်။
မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
အချင်းများနေစဉ် မြန်မာနိုင်ငံသား ထွက်ပြေးသွားသဖြင့် ထိုင်းနိုင်ငံသားက နောက်ကလိုက်လာ၍ လိုက်ရှာခဲ့ကြောင်း ဖော်ပြသည်။
ယင်းအချိန်တွင် မြန်မာနိုင်ငံသားသည် တာဝန်ချိန်ပြီးသဖြင့် အရပ်ဝတ်ဖြင့် လမ်းရှိထိုင်ခုံတွင် စားသောက်နေသော ရဲအရာရှိထံ ကူညီပေးရန် တောင်းပန်ခဲ့ကြောင်း ဆိုသည်။
ရဲအရာရှိကလည်း မြန်မာနိုင်ငံသားကို ၎င်းသည် ရဲတပ်ဖွဲ့ဝင်ဟုဆိုပြီး နောက်ကလိုက်လာသော ထိုင်းနိုင်ငံသားထံ သွားရောက်ဖျန်ဖြေခဲ့ကြောင်း အနီးဝန်းကျင်တွင် နေသူများက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။
သို့သော်လည်း ထိုင်းနိုင်ငံသားက ရဲတပ်ဖွဲ့ဝင်ကို တွေ့သည်နှင့် မကျေမနပ်ဖြစ်ကာ ဆဲဆိုကြိမ်းမောင်း၍ ဆိုင်ကယ်ပြင်ဆိုင်ထဲသို့ ပြန်ဝင်သွားခဲ့ကြောင်းသတင်းများတွင် ဖော်ပြသည်။
ထို့နောက် ထိုင်းနိုင်ငံသားက သေနတ်ကိုင်၍ ပြန်ထွက်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ၁၅ ချက်အထိ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
သေနတ်ပစ်ခတ်ပြီးနောက် ထိုင်းနိုင်ငံသား ဆိုင်ကယ်စီး၍ ထွက်သွားကာ ဆိုင်ထဲ ပြန်ဝင်ပုန်းနေခဲ့ပြီး မြန်မာနိုင်ငံသားလည်း ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။
ရဲအရာရှိကို ကယ်ဆယ်ရေးအဖွဲ့များက အချိန်မီကုသပြီး ဆေးရုံပို့ဆောင်ခဲ့သော်လည်း အသက်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ရန်ဖြစ်မှုကို ဖျန်ဖြေပေးသော ရဲအရာရှိကို ပစ်သတ်ခဲ့သည့် ထိုင်းနိုင်ငံသားကို နောက်တစ်ရက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှု၊ လက်နက်ပစ်ခတ်မှုများဖြင့် စိုင်းမိုင်ရဲစခန်းတွင် အမှုဖွင့်ထားသည်။
လက်ရှိတွင် ရဲအရာရှိ၏ မိသားစုဝင်များက သေနတ်သမားကို သေဒဏ်ချမှတ်ပေးရန် တောင်းဆိုထားသည်။
ထိုင်းနိုင်ငံသားကလည်း ရည်ရွယ်ပြီး ပစ်သတ်ခဲ့ခြင်း မဟုတ်ကြောင်း အခင်းဖြစ်ပွားမှုကို ဇန်နဝါရီလ ၅ ရက်က ပြန်လည်သရုပ်ပြစဉ် တောင်းပန်ခဲ့သည်။
အခင်းဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်ခဲ့သော မြန်မာနိုင်ငံသားကိုလည်း စခန်းတွင်လာရောက် ထွက်ဆိုချက်ပေးရန် ရဲတပ်ဖွဲ့က အလုပ်ရှင်ထံသို့ အကြောင်းကြားထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: MGR Online, Amarin TV, CH 7, Thai PBS, Khaosod