BREAKING
January 7, 2025

တနင်္သာရီနှင့် ဘုတ်ပြင်းကြား ပင်လယ်ပြင်တွင် စစ်ကောင်စီ ရိက္ခာစက်လှေကို KNU ဖမ်း

January 6, 2025

ပုံစာ - KNU ဖမ်းဆီးထားသည့် စစ်ကောင်စီ ရိက္ခာစက်လှေ။

စစ်ကောင်စီတပ်စခန်းထံသို့ ပို့ဆောင်မည့် ရိက္ခာစက်လှေကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသ ပင်လယ်ပြင်တွင် KNLA တပ်ရင်း (၁၁) က ဖမ်းမိကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။

ဆန်အိတ်နှစ်ထောင်ကျော်နှင့် ရိက္ခာများတင်ဆောင်လာသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး၏ စက်လှေကို ဇန်နဝါရီလ ၂ ရက်က ကြားဖြတ်စစ်ဆေးပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဖမ်းဆီးထားသည့် ဆန်အိတ်အချို့ကို သယ်ဆောင်ရန်အဆင်မပြေသဖြင့် ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပို့လာတဲ့ လှေပေါ်မှာပါတဲ့ ခုနစ်ယောက်က အရပ်သားပဲ။ အခုလောလောဆယ်တော့ ထိန်းသိမ်းထားတာရှိတယ်။ သူတို့က အရပ်သားဖြစ်တော့ အရေးယူဖို့လည်းခက်တယ်။ ဒါပေမဲ့ အဲဒီလို ထပ်ခါထပ်ခါဖြစ်မယ်ဆိုရင် ကျွန်တော်တို့က လေးလေးနက်နက် အရေးယူရမှာပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

စစ်ကောင်စီတပ်အတွက် ရိက္ခာများတင်ဆောင်လာသည့် စက်လှေကိုမူ KNU က သိမ်းဆည်းထားပြီး နောက်ပိုင်းတွင် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများ၏ ကားများ၊ စက်လှေများကို ချောဆွဲကာ ပစ္စည်းများပို့ခြင်း၊ ရိက္ခာပို့ခြင်း၊ လူနာပို့ဆောင်ခြင်းများကိုလုပ်ဆောင်နေကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။

“ဒေသခံတွေ အရပ်သားတွေကို ပြောချင်တာက တတ်နိုင်သလောက်ရှောင်ပေးပါပေါ့နော်။ မဟုတ်ရင် ကျွန်တော်တို့လည်း စကစနဲ့ တိုက်နေတဲ့အချိန်မှာ အရပ်သားကို အဲဒီလိုမျိုးအသုံးချတဲ့အချိန်မှာ တစ်ခါတလေ ပြဿနာဖြစ်မှာစိုးလို့ပေါ့နော်။ တစ်ခါတလေလည်း မလိုက်နာတဲ့အရပ်သားတွေကို ကျွန်တော်တို့က လေးလေးနက်နက်အရေးယူတဲ့အချိန်မှာ သူတို့အတွက် မကောင်းဘူးပေါ့နော်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်ကလည်း ထားဝယ်အရှေ့တောဒေသ၊ ကျောက်မဲတောင် စစ်ကောင်စီတပ်စခန်းမှ မေတ္တာဗျူဟာစခန်းသို့ ပို့မည့် ဆန်အိတ် ၆၈ အိတ်၊ စားသုံးဆီပုံးများနှင့် အခြားစားသောက်ကုန်များ တင်ဆောင်လာသည့် ရိက္ခာကားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၁၂ က ဟိန္ဒူးချောင်းရွာအနီးတွင် ဖမ်းဆီးခဲ့သေးသည်။