မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်း ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ည ၇ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း ခရီးသွားများနှင့် ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါတံတားမှာ ပသောင်း ကျေးရွာအနီးတွင်တည်ရှိပြီး ဇန်နဝါရီလ ၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က ဖြတ်သန်းချိန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။
” ညဘက်အရေးပေါ် သေရေးရှင်ရေး မြို့(မြိတ်မြို့)တက်ရမယ့်ကိစ္စတွေ အတွက်ပဲစိတ်ပူတယ်။ သူတို့ကို ပြေပြေလည်လည်နဲ့ ပြောပြလို့အဆင်ပြေရင်တော့ တော်သေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ယခင်ကမူ အဆိုပါ တံတားတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများနှင့် နားလည်မှုယူကာ ညနက်ချိန်အထိ ဖြတ်သန်းခွင့်ပေးနေကြောင်း ကားသမားအချို့က ဆိုသည်။
လက်ရှိတွင် အဆိုပါလမ်းပိုင်းတစ်လျှောက်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အစစ်အဆေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ကြေးနန်းတိုင်တံတားနားရောက်ရင် တအားစစ်တယ်။ ဆိုင်ကယ်ဆိုရင်လည်း တွန်းပြီးသွားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြိတ်မြို့နယ် လသာရွာ၊လက်မဲရွာနှင့် တနင်္သာရီမြို့နယ် ရမ်းဖိုရွာ၊ကမ်းတိုရွာ ၊ညောင်ပင်ကုန်း၊ ဘန်းလမွတ်ရွာစသည့် ကျေးရွာများတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲနယ်မြေအဖြစ် သတ်မှတ်ထား သည့်အတွက် ဒေသခံများ သတိထားသွားလာကြရန် အချင်းချင်းသတိပေး ပြောဆိုနေကြသည်။
“လမ်းတစ်လျှောက်လုံး လက်နက်ကိုင်အဖွဲ့တွေရှိတယ်။သူတို့က မသွားဖို့တားမြစ်ရင် မသွားတာ အကောင်းဆုံးပဲ။ တစ်ချို့လူတွေ သွားနေကြတာ ရှိနေသေးတယ်။ သေရင်အလောင်းပြန်ရဖို့တောင် မလွယ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး တနင်္သာရီမြို့နယ်တစ်ဝန်းတွင် တော်လှန်ရေးတပ်များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကြသည်။