ဂွေးထိုးလှေငယ်လေးတစ်စီး ပိုင်ဆိုင်သော မအေးပို(အမည်လွှဲ)တစ်ယောက် ပျူစောထီးခေါင်းဆောင် ဆိုသူထံ တစ်လလျှင် ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀) ပုံမှန်ဆက်သနေရသည်။
မအေးပိုအတိုင်းပင် အနီအနားရှိ ရေလုပ်သားများသည်လည်း ထိုစခန်းကို လစဉ် လာဘ်ငွေဆက်သပြီး ဝမ်းစာရှာကြရသည်။
ငါးပိလုပ်သည့် ဂွေးထိုးလှေငယ်တစ်စီးလျှင် ၂၅၀,၀၀၀ ကျပ်၊ ရိုးရိုးကင်းမွန်မီးထွန်းလှေတစ်စီးလျှင် ၅၅၀,၀၀၀ ကျပ်၊ ဝိုင်းချုပ်ကင်းမွန်မီးထွန်းလှေတစ်စီးလျှင် ၆၀၀,၀၀၀ ကျပ်၊ ထော်လာဂျီတစ်စီးလျှင် ၃၀၀,၀၀၀ ကျပ် စသည့်ဖြင့် လစဉ် ပေးဆောင်ကြရကြောင်း ရေလုပ်သားများက ဖွင့်ဟသည်။
“လတိုင်းပေးနေရတာ။ သူတို့တောင်းတာ မပေးရင် လှေထွက်လို့မရဘူး။ လကုန်လို့ မပေးနိုင်ရင် တစ်ရက်နှစ်ရက်လောက်စောင့်ပေးတယ်။ အဲဒီအထဲလာမပေးရင် ဆင့်စာနဲ့ ရုံးကိုခေါ်တယ်” ဟု ဒေသခံ အခြားရေလုပ်သားတစ်ဦးကဆိုသည်။
ထိုကဲ့သို့ လစဉ်ကြေးပေးနေရသည့် ငါးဖမ်းလှေပေါင်း အစီးရေတစ်ရာခန့်ရှိသည်ဟုလည်း ရေလုပ်သားများကပြောဆိုကြသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးတို့ ပူးပေါင်းတပ်စွဲထားသော စခန်းဖြစ်သည်။
ကျောက်နီမော်စခန်းဟုဆိုလိုက်လျှင် ရေလုပ်သားများအပေါ် ကုတ်သွေးစုပ်သော၊ လမ်းသွား၊ လမ်းလာခရီးသွားများအပေါ် အဓမ္မငွေညှစ်သော စသဖြင့် နာမည်ဆိုးဖြင့် လူသိများကျော်ကြားသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစကာ ဦးချစ်စမ်းမောင်နှင့် ဦးစိုးသန်းတို့ ဦးဆောင်သော စစ်ကောင်စီ လက်ဝေခံပျူစောထီးအဖွဲ့ ကျောက်နီမော်ကျေးရွာကို အခြေပြုပြီး ရေလုပ်သားများအပေါ် ကုပ်ခွစီးထားခြင်း ဖြစ်သည်။
ယင်းကျောက်နီမော်စခန်းကို ဒီဇင်ဘာလ ၂၃ ရက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က စတင်တိုက်ခိုက်လိုက်ရာ ဖိနှိပ်ခံဒေသခံများအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်။
ကျောက်နီမော် တိုက်ပွဲအစ
ဒီဇင်ဘာလ ၂၃ ရက် နံနက် ၉ နာရီခန့်မှစတင်သည့် ထိုတိုက်ပွဲမှာ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ညပိုင်းအထိ နှစ်ဖက်ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြဆဲ။
ကျောက်နီမော်ရွာစခန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ဦးဆောင်ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း တပ်ခွဲ ၇၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ နွေဦးပြောက်ကျားတပ်ဖွဲ့ တို့ အပါအဝင် အခြားတပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်မှုကြောင့် မအေးပိုအပါအဝင် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး မပြေးနိုင်သည့် သက်ကြီးဘိုးဘွားအချို့ ရွာထဲတွင် ပိတ်မိခဲ့ကြသည်။
ပိတ်မိနေသူအချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တတ်နိုင်သမျှ ကယ်ထုတ်ပေးခဲ့ကြကြောင်း ဒေသခံများကဆိုသည်။
“လမ်းမကနေ ခြေသံတွေကြားလို့ စစ်တပ်တွေထင်ပြီး ဝပ်နေတုန်းမှာ ညီမတစ်ယောက်က လှမ်းအော်လိုက်တယ်။ အစ်မရေ့ မြန်မြန်လာ ဒီမှာ ကျွန်မတို့လူတွေ (PDF တွေ) လာခေါ်နေတယ်လို့ ပြောမှ ထွက်ပြေးလာလို့ရတာ” ဟု တိုက်ပွဲအတွင်း ပိတ်မိခဲ့သည့် အသက် ၇၀ ကျော်အရွယ် အဖွားတစ်ဦးက ပြောသည်။
စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးများကို မိုးသီးမိုးပေါက်များသဖွယ် ကျောက်နီမော် ရွာထဲ သွန်ချနေသည်။ တစ်ဖက်တွင်လည်း ကုန်းပေါ်သို့ စစ်ကူပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ တန်ပြန်မှုကြောင့် လွယ်လွယ်ကူကူ ကမ်းမကပ်နိုင်ကြပေ။
စစ်ကောင်စီတပ်က ကျောက်နီမော်စခန်းမကျရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းအထန်ခုခံနေသည်။
ပထဝီအနေအထားအရ အရေးပါမှု
ကျောက်နီမော်စခန်းမှာ နှစ်ဖက်စလုံးအတွက် အလွန်အရေးပါသည့် စခန်းဖြစ်သဖြင့် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေသည်။
စစ်ကောင်စီကလည်း စခန်းမကျရေး အပြင်းအထန်ခုခံနေသလို တော်လှန်ရေးပူးပေါင်း အဖွဲ့များကလည်း စခန်းသိမ်းနိုင်ရန် အားစိုက်ကြိုးပမ်းနေကြခြင်းဖြစ်သည်။
ယင်းနေရာမှာ စစ်ရေးအရ အရေးပါသလို ငွေတွင်းတိမ်သည်။ စီးပွားရေးအရ ဗျူဟာကျသည်။
အရှေ့ဘက်တွင် ထားဝယ်မြစ်၊ အနောက်ဘက်တွင် အက်ဒမန် ပင်လယ်တို့ကြား ကျရောက်နေသည့် ကျောက်နီမော်ကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာများအားလုံး၏ တစ်ခုတည်းသော စီးပွားရေးမှာ ရေလုပ်ငန်းဖြစ်သည်။
ထားဝယ်မြစ်၏ တစ်ဖက်ကမ်းတွင်မူ ကနက်သီရိ၊ ရငဲ၊ မင်းဒပ် စသည့် သရက်ချောင်းမြို့နယ်ထဲမှ ကျေးရွာများရှိသည်။
ထိုကျေးရွာများမှတစ်ဆင့် ထားဝယ်- မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမမှသည် ထိုင်းနယ်စပ် အထိ ပေါက်သည်။ သရက်ချောင်း- ထားဝယ်အရှေ့တော- ထီးခီးလမ်းမှတစ်ဆင့် ထိုင်းနယ်စပ်အထိ ခရီးဆန့်နိုင်သေးသည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးအရလည်း ဗျူဟာကျသည်။
ယင်းအပြင် တော်လှန်ရေးအားကောင်းသည့် သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့ရှိ ကျေးရွာ တစ်စိတ်တစ်ပိုင်းကိုလည်း စစ်သင်္ဘောအားကိုးနှင့် ဖိအားပေးထားနိုင်မည်ဖြစ်သည်။
လောင်းလုံးမြို့နယ်အခြေအနေကို ပြန်ကြည့်လျှင် ကျောက်နီမော်စခန်းမှာ ထားဝယ်-လောင်းလုံး- နာမည်ကြီး ရှင်မော်စေတီ လမ်းပိုင်းတွင်ရှိသည်။
ထိုကျောက်နီမော်စခန်းကို တော်လှန်ရေးတပ်များသိမ်းနိုင်ခဲ့လျှင် လောင်းလုံးမြို့မှသည် ရှင်မော်စေတီ အထိ တစ်ဆက်တည်း ကျေးရွာအုပ်စု ၂၁ အုပ်စုကို စစ်ကောင်စီက လက်လွှတ် လိုက်ရတော့မည် ဖြစ်သည်။
ယခုမူ တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် ယင်းကျေးရွာများအကြားတွင် ကျောက်နီမော်စခန်းက ကန့်လန့်တိုက်လျက်ရှိသည်။
အခြားအရေးပါသော အချက်များလည်း ရှိသေးသည်ဖြစ်ရာ ကျောက်နီမော်စခန်းမှာ နှစ်ဖက်အဖွဲ့များအတွက် ဗျူဟာအရ အရေးကြီးသည်။
ထိုကဲ့သို့ အရေးကြီးခြင်းကြောင့်လည်း စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ စခန်းမကျရေး ခုခံနေခြင်းဖြစ်သည်။
ဒေသခံ ရေလုပ်သားများအတွက်မူ ထိုစခန်းရှိနေခြင်းမှာ ဂြိုဟ်ဆိုးတစ်ခုပင်။
ကုပ်သွေးစုပ်ခံနေရသော ရေလုပ်သားများ
ထိုစခန်းမှ စစ်ကောင်စီ၏ လက်ဝေခံများက ရေလုပ်သားများထံမှ ဆက်ကြေးတောင်းခြင်း၊ လမ်းသွားလမ်းလာများထံမှ အဓမ္မငွေကြေးကောက်ခံခြင်းများ အပါအဝင် အမျိုးမျိုးသော ဖိနှိပ်မှုဒဏ်ကို ဒေသခံများ ခါးစည်းခံနေကြရသည်။
ပိုက်ဆံမပေးသည့်လှေများကို ကမ်းပေါ်ဆွဲတင်ခြင်း၊ စစ်သင်္ဘောထံ ဆွဲသွားပြီး ဖမ်းထားခြင်းတို့အပြင် ပင်လယ်ထဲထွက်ပါကလည်း လှေနံပါတ်နှင့်တကွ စစ်သင်္ဘောထံအကြောင်းကြာပြီး ဖမ်းခိုင်းသည်ဟုဆိုသည်။
“ပိုက်ဆံပေးပြီး ထွက်တာတောင်မှ လှေဝင်လာရင် ကင်းမွန်အကောင်ကြီးတွေ၊ ပုစွန်အကြီးတွေ သူတို့လိုချင်သလောက်ယူသေးတာ” ဟု မအေးပိုက ပြောသည်။
ရာချီသော ငါးဖမ်းလှေများမှ ဝင်ငွေ၊ စစ်ဆေးရေးဂိတ်မှရရှိသည့် ဝင်ငွေပေါင်းမှာ တစ်လလျှင် ကျပ်သိန်းငါးရာ အနည်းဆုံးရှိနိုင်ကြောင်း ရေလုပ်သားများက ခန့်မှန်းကြသည်။
ထိုရငွေများကို ပျူစောထီး ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးစိုးသန်းက စီမံခန့်ခွဲသည်ဟုဆိုသည်။
ရေလုပ်သားများထံမှ ကုပ်သွေးစုပ်ပြီးရလာသည့် ငွေကြေးအား ပျူစောထီးအဖွဲ့ဝင်များကို လစာပေးသလို စစ်ကောင်စီတပ်ရောက်လာသည့်အချိန်တွင် ကျွေးမွေးစရိတ်အဖြစ် သုံးစွဲသည်ဟု သိထားရကြောင်း ရေလုပ်သားများက ပြောဆိုသည်။
ရေလုပ်သားများမှာ ပျူစောထီးအဖွဲ့ကို မော်မကြည့်ဝံ့ကြပေ။ တောင်းသမျှ ရှာကြံ ချေးငှား ပေးကြရသည်။
“လှေသမားတိုင်းကတော့ အကုန်ရှာကြံပြီး ပေးကြတာပဲ။ မပေးတဲ့သူဆိုတာ မရှိဘူး။ အဲဒါမှလည်း လှေထွက်ရမှာကိုး” ဟု လှေပိုင်ရှင်တစ်ဦးက ပြောသည်။
စခန်းသိမ်းရေး မျှော်လင့်ချက်
ထိုကဲ့သို့ ပျူစောထီးအဖွဲ့၏ ကုပ်သွေးစုပ်ခြင်းကို အာဏာသိမ်းကာလတစ်လျှောက်လုံး ခါးစည်းခံရနေသည်ကို ရေလုပ်သားများက မကျေနပ်ကြချေ။
သို့သော် ဝမ်းစာရေးအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေကြရသည်ဟု ဖွင့်ဟကြသည်။
၂၀၂၄ နှစ်ကုန်ပိုင်းတွင်မူ ရေလုပ်သားများကြားထဲတွင် ကောလာဟလဆန်သည့် သတင်းစကားတစ်ခု တီးတိုးထွက်ပေါ်လာခဲ့သည်။
ကျောက်နီမော် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုသည့် ပြောဆိုသံများဖြစ်သည်။
ထိုသတင်းအား ယုံကြည်သူများမှာ ရွာတွင်မနေတော့ဘဲ ကြိုတင်တိမ်းရှောင်သွားကြသည်။
ဒီဇင်ဘာလ ၂၃ ရက်တွင်မူ ထိုကောလာဟလသတင်း အမှန်တစ်ကယ်ဖြစ်ပေါ်လာခဲ့သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ကျောက်နီမော်ရှိ စစ်ကောင်စီနှင့် ပျူစောထီးများ အခိုင်အမာ တပ်စွဲထားသော စီမံကိန်းစက်ရုံအဟောင်းနှစ်ခု၊ မိုင်တဲတာဝါတိုင်တောင်ကုန်း၊ မိုင်ခရိုဝေ့ဖ် တာဝါတိုင်တောင်ကုန်း စသည့်နေရာလေးခုကို ပြင်းပြင်းထန်ထန် ထိုစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ဒေသခံရေလုပ်သားများကလည်း ထိုတိုက်ပွဲအပေါ် စခန်းသိမ်းနိုင်ရေးများစွာ မျှော်လင့်ခဲ့ကြသည်။
“ကျွန်မတို့ရွာမှာ အဲဒီပျူစောထီးအဖွဲ့မရှိအောင် အပြတ်သာချ (တိုက်) စေချင်တယ်။ ပြာကျချင် ကျသွားပါစေ။ မြေတစ်ကွက်နဲ့ လှေတစ်စီးကျန်ရင်ရပြီ” ဟု မအေးပိုက စိတ်အားထက်သန်စွာ ပြောဆိုသည်။
သို့သော် ဒီဇင်ဘာလ ၂၅ ရက်တွင်မူ တိုက်ပွဲချိန်ခွင်လျှာအပြောင်းအလဲနှင့်အတူ ရေလုပ်သားများ၏ မျှော်လင့်ချက်လည်း အားပျော့လာခဲ့သည်။
စစ်ကောင်စီရေတပ်စစ်သင်္ဘောက လက်နက်ကြီးများမှာ ကျောက်နီမော်ကျေးရွာအပြင် အနီးဝန်းကျင် ကျေးရွာများဘက်သို့ မိုးသီးမိုးပေါက်များသဖွယ် တရစပ်ပစ်ခတ်ပြီး စစ်ကူများကို ကုန်းပေါ်ပို့ဆောင် နိုင်သွားသည်။
တပ်ပြန်ဆုတ်
ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က ပြန်ဆုတ်လိုက်ကြရသည်။
စစ်ကောင်စီတပ် ရေကြောင်းကို မထိန်းနိုင်သည့်အတွက် ကျောက်နီမော်စခန်းသိမ်းတိုက်ပွဲ မအောင်မြင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုသည်။
“အဓိကကတော့ ရေကြောင်းက စစ်သင်္ဘောကို မထိန်းနိုင်ဘဲဖြစ်သွားပြီး (စကစ) စစ်ကူတွေ ကုန်းပေါ် ရောက်လာတော့ သိမ်းထားပြီးသားစခန်းကို ပြန်ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
ထို့နောက် စစ်ကောင်စီတပ်က ကျောက်နီမော်ကျေးရွာအောက်ဘက် အောက်ကျောက်ဝပ်၊ ထောင့်နန့် ၊ ကျောက်မတ္တပ် စသည့်ကျေးရွာများဖက် ကုန်းလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့သည်။
ထိုသို့ဖြင့် စစ်ရေးချိန်ခွင်လျှာမှာ စစ်ကောင်စီဘက်က အလေးသာသွားခဲ့ရပြီး ရေလုပ်သားများ၏ မျှော်လင့်ချက်မှာလည်း ကျိုးပျက်သွားခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ကျောက်နီမော်ကျေးရွာရှိ နေအိမ် ၂၀ မီးလောင်ပျက်စီးခဲ့ရပြီး အနည်းဆုံး ဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။ အခြားဒေသခံရေလုပ်သားများလည်း ဖမ်းဆီးခံခဲ့ရသေးသည်။
ထိုတိုက်ပွဲတွင် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း လေးခုရှိသည့်အနက် စီမံကိန်းစခန်း (ရေခဲစက်)ကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရေခဲစက်ကို သူတို့ (စစ်ကောင်စီတပ်) တွေနေလို့ မရအောင် မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အမှတ် ၄၀၅ ခြေမြန်တပ်ရင်းက တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၄၀ ကျော်သေဆုံးကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ဇန်နဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှာ ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ သရက်ချောင်းမြို့နယ်ရှိ တပ်ရင်းတစ်ခုဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုဘက်ကမူ ရဲဘော်နှစ်ဦးသေဆုံးပြီး ဒဏ်ရာအနည်းငယ်ရသူ အချို့ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“ရဲဘော်နှစ်ယောက်ကျတာကတော့ T1 (ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း) ကပါ” ဟု အခြားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဆိုသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဒီဇင်ဘာလ ၂၇ ရက်အထိ ဝိုင်းဝန်းပိတ်ဆို့ကာ စခန်းသိမ်းနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အင်အားသုံး ခုခံသဖြင့် ဆုတ်ခွာခဲ့ရကြောင်း တပ်ပေါင်းစုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်သင်္ဘောမှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့ခြင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း တိုက်ပွဲအတွင်း ပါဝင်သည့် တပ်ဖွဲ့ဝင်အချို့က သုံးသပ်ပြောဆိုသည်။
ငါးပိလုပ်သည့် ဂွေးထိုးလှေငယ်တစ်စီးဖြင့် အသက်မွေးသော ဒေသခံရေလုပ်သမ မအေးပိုမှာမူ ထိုစခန်းသိမ်းတိုက်ပွဲအပေါ် အားမလို အားမရစိတ်ဖြင့် ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခဲ့သည်။
“အဲဒီစခန်းရှိနေသမျှတော့ ကျွန်မတို့လည်း အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ရမှာ မဟုတ်ဘူး”