လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာ ကမ်းခြေဘက်သို့ သွားသည့်လမ်းပိုင်းတွင်ရှိသော စစ်ကောင်စီ လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ယနေ့ စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက လက်ခတ်တောင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့အား ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“ပစ်တာကတော့ ခဏလေးပဲ။ ပစ်ပြီးမှ လေယာဉ်လာဝဲလို့ ဆုတ်သွားကြတယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင်မူ တပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ပါဝင်သော စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်း လောင်းလုံးမြို့ထဲမှ ထွက်လာပြီး စမ်းလှမ်းကျေးရွာသို့ ရောက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါစစ်ကြောင်း ဝင်ရောက်လာသဖြင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအချို့လည်း ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။
စမ်းလှမ်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် တီဇစ်ကျေးရွာအနောက်ဘက် ပင်လယ်ပြင်တွင်မူ စစ်သင်္ဘောတစ်စင်း ရပ်နားထားသဖြင့် စိုးရိမ်နေကြကြောင်း ၎င်းတို့က ပြောသည်။
ယခုမူ စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းဝင်သည့် သတင်းကြားသဖြင့် တီးဇစ်ကျေးရွာဒေသခံအချို့လည်း တိမ်းရှောင်နေကြကြောင်း ပြောဆိုသည်။
ယနေ့ နံနက် ၁၀နာရီကျော်အထိ ဒေသခံအချို့ကို မေးမြန်းချက်အရမူ တီဇစ်ကျေးရွာသို့ စစ်ကောင်စီတပ်ရောက်ရှိခြင်း မရှိသေးဟုဆိုသည်။
“စမ်းလှမ်းကို စစ်ကြောင်းဝင်နေတာဆိုတော့ သူတို့နဲ့ နီးနေတဲ့အခါကျတော့ တီဇစ်ရွာသားတွေလည်း နည်းနည်းပါးပါး ရှောင်နေကြတာတော့ရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကျောက်နီမော် စစ်ကောင်စီစခန်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်မှစပြီး တစ်ပတ်ခန့်ကြာ အကြီးအကျယ် တိုက်ခိုက်ခံ ရပြီးနောက် လောင်းလုံးကျွန်းဆွယ် အနောက်ဘက်ပင်လယ်ပြင်တွင် စစ်သင်္ဘောတစ်စင်း လှည့်ပတ်သွားလာလျက်ရှိသည်။
ပင်လယ်ထဲငါးဖမ်းထွက်သည့် လှေများကို အဆိုပါစစ်သင်္ဘောက ခေါ်ယူပြီး စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံအချို့က ပြောသည်။