BREAKING
January 8, 2025

မွန်တွင် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူ နှစ်ရာကျော်၌ နိုင်ကျဉ်းငါးဦးသာပါဝင်

January 6, 2025

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ လွတ်မြောက်လာသည့် အကျဉ်းသား ၂၅၄ ဦးတွင် နိုင်ငံရေးအကျဉ်းသား ငါးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်သည့် ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၅၈၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး ယင်းအနက် မွန်ပြည်နယ်က အကျဉ်းသား ၂၅၄ ဦး ပါဝင်သည်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်က ပြန်လွတ်လာလာသူ ၁၄ဦးတွင် နိုင်ငံရေးအကျဉ်းသား အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။

ယင်းအပြင် မော်လမြိုင်အချုပ်ထောင်က အကျဉ်းသား ၆၄ဦး၊ သထုံအကျဉ်းထောင်က အကျဉ်းသား ၃၆ဦး၊ ရင်းငြိမ်အလုပ် စခန်းက အကျဉ်းသား ၂၆ ဦး၊ ဇင်းကျိုက်အလုပ်စခန်းက အကျဉ်းသား ၁၈ ဦး၊ အင်းဗြောင်အလုပ်စခန်းက အကျဉ်းသား ရှစ်ဦး၊ မုပ္ပလင်ကုန်ထုတ်စခန်းက အကျဉ်းသား ၈၀ဦး၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေးစခန်း (ရွှေဖြူ) က အကျဉ်းသားရှစ်ဦး လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။

“စာရင်းရထားသလောက်က ကျိုက်မရောထောင်က ပြန်လွတ်လာသူတွေမှာပဲ နိုင်ငံရေးအကျဉ်းသားပါတယ်။ သထုံ အကျဉ်းထောင်တို့ မော်လမြိုင်ထောင်တို့ကတော့ နိုင်ငံရေးအကျဉ်းသား မပါဘူး။ ကျန်တာက ဆေးမှု၊ ခိုးမှုနဲ့ ထောင်ကျပြီး လွတ်လာတဲ့ လူက များတယ်” ဟု နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ် ပြောင်းလဲပေးခဲ့သည့်အပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။