ကလိန်အောင်မြို့၊ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဆံတော်ဘုရား တောင်တက်ကားလမ်းဘေးရှိ အင်းပြားရွာတွင် ဇန်နဝါရီလ ၅ ရက်ညက လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။
အသက် ၆၀ ဝန်းကျင်အရွယ် ဦးကြီးမြင့်ဆိုသူနှင့် ၎င်း၏ဘေးအိမ်မှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ ခြေတောက်တွင် ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
” ညကဆေးရုံသွားမရဘူး။ တစ်ညလုံးလက်နက်ကြီးပစ်နေလို့ မနက်မှဆေးရုံပို့ရတယ်။ အခုထိ ဒဏ်ရာတွေတောင် ဘာမှမလုပ်ရသေးဘူး” ဟု ဆေးရုံတွင်လူနာသွားမေးခဲ့သည့် မြို့ခံတစ်ဦး က ယနေ့ (ဇန်နဝါရီ ၆) နံနက်ပိုင်းတွင် ပြောသည်။
လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ရက်) က ကလိန်အောင်တံတားကြီးဂိတ် အဝင်အထွက် နှစ်ဘက်ရှိ စစ်ကောင်စီဂိတ်များ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက် နှင့် ၅ ရက် နှစ်ရက်ဆက်တိုက် ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ အင်းပြားရွာနှင့် ဇင်းဘာရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည် ။
ကလိန်အောင် တံတားဂိတ်တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုရှိမရှိ ကိုစုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ကိုလည်း ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းအထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ကလိန်အောင်တံတားဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ က တံတားဖြတ်သန်းခွင့်ကို တစ်နာရီခန့်ပိတ်ချလိုက်ပြီး တံတားအနီး အမှတ် ၁ ရပ်ကွက်မှ လူငယ်အချို့လည်း ရိုက်နှက်စစ်ဆေး ခံခဲ့ရသည်ဟု အမှတ် ၁ ရပ်ကွက်နေသူတစ်ဦးကပြောပြသည် ။
ယနေ့ ဇန်နဝါရီလ ၆ ရက်နံနက်ပိုင်တွင်းမူ အထက – ကလိန်အောင် စာသင်ကျောင်း တစ်ရက်ပိတ်လိုက်ကြောင်း ကျောင်းသားမိဘများထံကသိရသည်။