BREAKING
January 8, 2025

လောက်ကိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၀၀ကျော် လက်နက်ချကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

January 6, 2024

ပုံစာ - လောက်ကိုင် ဒကစတွင် ကိုးကန့်တပ် အလံလွှင့်ထူနေစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ အပါအဝင် တပ်ရင်းစခန်းအားလုံးက တပ်ဖွဲ့ဝင် ၂၃၀၀ ကျော် ဇန်နဝါရီလ ၅ရက်တွင် လက်နက်ချကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

လောက်ကိုင် ဒကစ အပါအဝင် ယင်းပတ်ဝန်းကျင်ရှိ တပ်ရင်းစခန်းအားလုံး လက်နက်ချခြင်းဖြစ်ပြီး လက်နက်ချ သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး ပါဝင်ကြောင်း ဖော်ပြသည်။

ပွိုင့် ၂၀၂၂ ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀ ကျော်လည်း လက်နက်ချသဖြင့် လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃၈၉ ဦးရှိကြောင်း ဆိုသည်။

ယင်းအပြင် မိသားစုဝင်လည်း ၁၆၀၀ ကျော်ရှိကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလို့သည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် လောက်ကိုင်တစ်ခွင်သည် စစ်ကောင်စီတပ် မရှိသည့် နယ်မြေဖြစ်သွားပြီဖြစ်ကြောင်းလည်း ဖော်ပြသည်။

လောက်ကိုင် ဒကစတွင် ကိုးကန့်တပ် MNDAA အလံလွှင့်ထူနေသည့် ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။