BREAKING
January 22, 2025

MoU လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုးမည့်အစီအစဉ်ကို အလုပ်သမားအဖွဲ့များက ကန့်ကွက်စာပို့

December 5, 2024

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများကို MoU လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုး‌ပေးမည့် ထိုင်းအစိုးရ၏ အစီအစဉ်အပေါ် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များက ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

မြန်မာအပါအဝင် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးလုပ်ငန်းစဉ်ကို MoU စနစ်ဖြင့် ပြုလုပ်ပေးမည့်အပေါ် ကန့်ကွက်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၄)က ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲတွင်လည်း တင်ပြခဲ့သေးကြောင်း အဖွဲ့များထံမှ သိရသည်။

မြန်မာစစ်ကောင်စီသံရုံးက ပါဝင်ခြင်းမရှိသော အဆိုပါဆွေးနွေးပွဲကို ထိုင်းလုပ်ငန်းရှင်များအသင်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများက MoU လုပ်ငန်းစဉ်အကြောင်း၊ စစ်ကောင်စီ၏ ဘန်ကောက်ရှိ မြန်မာသံရုံးကို အခွန်ပေးဆောင်ရမည့်အကြောင်းကို တင်ပြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲပြီးနောက် ညနေပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC)၊ Myanmar Migrant Network၊ MWF၊ WJG၊ Human Rights and Development for Migrant Workers Network အဖွဲများက မြန်မာသံရုံးဘက်က ပါဝင်လာမည့် MoU စနစ်ဖြင့် သက်တမ်းတိုး လုပ်ငန်းစဉ်ကို ကန့်ကွက်ကြောင်း အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်သူ့ပါတီ (People Party) လွှတ်တော်အမတ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများ MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်သည် အချိန်ကြာမြင့်ပြီး ငွေကုန်ကြေးကျများနေသည့်အပြင် မြန်မာသံရုံးထံ အလုပ်သမားများ၏ အချက်အလက်များ ပေးပို့၍ အခွန်ဆောင်ရမည့် လုပ်ငန်းစဉ်များလည်း ပါဝင်လာခဲ့သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း MWSC အဖွဲ့မှ ကိုဇော်က ပြောသည်။

“နောက်ဆုံး (သက်တမ်းတိုး) လုပ်ငန်းစဉ်တစ်ခုလုံးမှာ သံရုံးကို လုံးဝမပါပဲနဲ့ ထိုင်းတစ်နိုင်ငံတည်းကပဲ ဆောင်ရွက်ပေးဖို့အထိ ဆွေးနွေးခဲ့ကြတယ်” ဟု MWSC အဖွဲ့က ကိုဇော်က ဆိုသည်။

MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်ကို ပယ်ဖျက်ပေးပြီး ယခင်ပုံစံအတိုင်း One Stop Service ဖြင့် နေ့ချင်းပြီး သက်တမ်းတိုးဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်တွင် အလုပ်သမားများ၏ အမည်စာရင်းကို ထိုင်းအလုပ်သမားရုံးထံ တင်ပြရမည်ဖြစ်ပြီးနောက် လဝကရုံးသို့ ထပ်မံပို့ဆောင်ရမည်ဖြစ်သည်။

ထို့နောက် မြန်မာသံရုံးနှင့် ဆက်စပ်သော မြန်မာအလုပ်သမားသံအရာရှိများထံ အလုပ်သမားများ၏ အမည်စာရင်းနှင့် လိပ်စာ အချက်အလက်များကို ထပ်မံတင်ပြရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

သံရုံးဘက်က မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံပြီး သက်တမ်းတိုးနိုင်ကြောင်း အတည်ပြုချက်ရရှိမှသာ မြန်မာအလုပ်သမားများ၏ သက်တမ်းတိုးလုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း MWSC အဖွဲ့ထံမှ သိရသည်။

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးမည့် ထိုင်းရောက်မြန်မာအလုပ်သမားများ အခွန်ဆောင်ရပါက အခွန် ဘတ်သန်း ၅၀၀၀ ခန့်အထိ စစ်ကောင်စီထံ စီးဆင်းသွားမည်ဖြစ်သဖြင့် ထိုင်းနှင့် မြန်မာအလုပ်သမားအဖွဲ့များက ကန့်ကွက်နေကြခြင်းဖြစ်သည်။