ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်က ဒီဇင်ဘာလ ၁ ရက်မှစ၍ ညစဥ် ရပ်ကွက်တစ်ခုချင်းအလိုက် နေအိမ်များကို ဝင်ရောက်စစ်ဆေးနေသည်ဟု ဒေသခံများထံကသိရသည်။
ဒီဇင်ဘာလ ၁ ရက်တွင် မြသီတာရပ်ကွက်၊ ၂ ရက်နေ့ တွင် ခိုင်သဇင်ရပ်ကွက် ၊ ၃ ရက်နေ့တွင် မိကျောင်းအိုင် ရပ်ကွက်နှင့် ၄ ရက်နေ့တွင် လှည်းကုန်းရပ်ကွက်ရှိ နေအိမ်များကို စစ်ဆေးခဲ့ဟုဆိုသည်။
“အိမ်တိုင်းဝင်စစ်တာတော့မဟုတ်ဘူး လမ်းတစ်ခုကိုဝင်ရင် တစ်လမ်းလုံးစစ်ခံရတယ်။ အိမ်ထောင်စု(စာရင်း)တောင်းကြည့်တယ်။ အိမ်ပေါ်ကို တက်ကြည့်တယ်။ လူပိုရှိနေလားမေးတယ်” ဟု ကိုယ်တိုင်စစ်ခံခဲ့ရသည့် မြသီတာရပ်ကွက်နေသူတစ်ဦးက ပြောပြသည် ။
လှည်းကုန်းရပ်ကွက်တွင်မူ ယမန်နေ့ည ဒီဇင်ဘာလ ၄ ရက် ညဦးပိုင်းကတည်းက လမ်းပိတ်ထားပြီး နေအိမ်အချို့ကို မောရဝတီရေတပ်က ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ယင်းရပ်ကွက်နေသူများထံက သိရသည် ။
ဧည့်စာရင်းစစ်သကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်စစ်ဆေးခြင်းမဟုတ်ဘဲ မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများသာ နေအိမ်များကို ဝင်ရောက်စစ်ဆေးနေသည်ဟု ဒေသခံတို့ကဆိုသည်။
အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသတွင် ညဘက်နေအိမ်များတွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခံရမှုများရှိသော်လည်း ယခုကဲ့သို့ ရပ်ကွက်အလိုက် စစ်ဆေးခံရမှုမျိုး ယခင်က မကြုံခဲ့ရဖူးကြောင်း ဒေသခံတို့ထံကသိရသည်။
စစ်ကောင်စီတပ်သား ပျောက်ဆုံးမှုရှိနေ၍ ယခုကဲ့သို့ ရပ်ကွက်တစ်ခုချင်းအလိုက် စစ်ဆေးနေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကခန့်မှန်းပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ ။
ယခုနှစ် ဇူလိုင်လတွင် ကံပေါက်ဒေသခံ မောရဝတီရေတပ်သား တစ်ဦး လက်နက်နှင့်တကွ ပျောက်ဆုံးခဲ့သည့် ဖြစ်စဥ်နှင့် ပြီးခဲ့သည့် နိုဝင်ဘာလ တွင် ကံပေါက် အခြေစိုက် ခလရ ၂၇၃ စစ်ကောင်စီ တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်း ၃ ဦး ဒေါနစစ်ကြောင်းထံ ဘက်ပြောင်းခိုလှုံသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။