ထားဝယ်မြစ်အတွင်း၌ ယနေ့(ဒီဇင်ဘာ ၅) နံနက် ၈ နာရီဝန်းကျင်တွင် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ထံမှသိရသည်။
အဆိုပါအမျိုးသားအလောင်းမှာ အသက် ၄၀ ကျော်အရွယ်ခန့်ရှိပြီး ထားဝယ်မြို့ရှိ ကြက်စားပြင်ရပ်ကွပ်၊ မော်လမြိုင်ဆိပ်ကမ်းအနီး ထားဝယ်မြစ်အတွင်းရှိ ငါးဖမ်းလှေများကြား၌ ပေါ်နေခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း တာဝန်ရှိသူဦးနိုင်မျိုးသွင်က ပြောသည်။
“လွန်ခဲ့တဲ့သုံးရက်လောက်က သေပုံရတယ်။ ပန်းဆီရောင်အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်အမဲရောင် ဝတ်ထားတယ်”ဟု ၎င်းကပြောသည်။
သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးပေ။
အလောင်းကိုမျက်မြင်တွေ့ရသည့် မြို့ခံများကမူ သေဆုံးသူ၏ လက်တွင်ဝါယာကြိုးဖြင့် နောက်ပြန်ချည်ထားပြီး ခြေထောက်ကိုလည်း ဝါယာကြိုးများဖြင့် ချည်ထားသည်ကို တွေ့ရသည်ဟုပြောသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းက သယ်ယူပြီး ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်းထားဝယ်မြစ်အတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသေးသည်။