ပျောက်ဆုံးနေသည့် ထားဝယ်ဇာတိ သီလရှင်ဆရာလေးအား ရှာဖွေတွေ့ရှိသူကို ကျပ်သိန်း ၅၀ ကျေးဇူးဆပ်မည် ဖြစ်ကြောင်း မိသားစုနှင့် သီလရှင်စာသင်တိုက်က နိုဝင်ဘာလ ၂၉ ရက်တွင် ကြေညာထားသည်။
အသက် ၁၀နှစ်အရွယ်ရှိ သီလရှင် မရူပသိင်္ဂီ လူနာမည် မလရိပ်ဖြူသည် အဖော်သီလရှင် နှစ်ပါးနှင့်အတူ နိုဝင်ဘာလ ၁၅ ရက်တွင် သီရိမင်္ဂလာဈေးသို့သွားရာ ကမာရွတ် (၁) ရပ်ကွက် ရထားသံလမ်းအနီးတွင် အမျိုးသမီးတစ်ဦးက ကားပေါ်တင် ခေါ်သွားကြောင်း အုပ်ထိန်းသူသီလရှင်ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၅ရက်နံနက်အထိ ရှာဖွေမတွေ့သေးသဖြင့် ပျောက်ဆုံးမှု ရက် ၂၀ ကြာမြင့်လာပြီဖြစ်သည်။
“ဒီနေ့ လမ်းကြောင်းတစ်လျှောက် CCTV မှတ်တမ်းတွေကို ရဲတွေနဲ့ လိုက်ကြည့်နေတယ်” ဟု အုပ်ထိန်းသူသီလရှင်က ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
သီလရှင် မရူပသိင်္ဂီ ပျောက်ဆုံးမှုအပေါ် လှိုင်မြို့နယ် ပိတောက်ချောင်ရဲစခန်းနှင့် ကမာရွတ်မြို့နယ် ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
သီလရှင် ဆရာလေး မရူပသိင်္ဂီမှာ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် နေထိုင်သည့် ဦးမျိုးမင်းမြတ်နှင့် ဒေါ်ထွေးလှတို့၏ သမီးဖြစ်ပြီး ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် အေးသာယာရွာရှိ အေးရိပ်မြိုင် သီလရှင်စာသင်တိုက်တွင် စာပေသင်ကြားနေသည်မှ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
သီလရှင်ဆရာလေးအား တွေ့ရှိပါက ဖုန်းနံပတ် ၀၉ ၇၉၅၃၇၂၈၇၇ သို့ ဆက်သွယ်အကြောင်းကြားပေးရန် အုပ်ထိန်းသူ သီလရှင်နှင့် မိသားစုက ကြေညာထားသည်။