တနင်္သာရီတိုင်းတွင် ရက်ရှည်ပြတ်တောက်နေသည့် အက်တမ်ဖုန်းလိုင်း ပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြတ်တောက် နေသော ဖိုင်ဘာကြိုးအား ပြန်ဆက်နိုင်ရေး စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း စုံစမ်းသိရှိရသည်။
ပြတ်တောက်နေသည့် အက်တမ်းဖိုင်ဘာကြိုးအား ယနေ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီနောက်ဆုံးထားပြီး ပြန်ဆက် ပေးရန် သက်ဆိုင်ရာ ဖိုင်ဘာကုမ္ပဏီထံ အကြောင်းကြားထားကြောင်းလည်း စုံစမ်းသိရှိရသည်။
“တကယ်လို့ သူတို့ဘက်က (ဖိုင်ဘာကုမ္ပဏီဘက်က) ဒီနေ့ ညနေ ၄နာရီအထိ ပြန်ဆက်မပေးဘူးဆိုရင် အက်တမ်ကုမ္ပဏီ ကနေ ကိုယ်တိုင်သွားဆက်မယ်။ အဲဒီလိုသွားဆက်ခွင့်ရဖို့ကိုလည်း ဝန်ကြီးဌာနကို စာတင်ထားတယ်” ဟု အက်တမ် ကုမ္ပဏီနှင့် လုပ်ငန်းတွဲလုပ်ကိုင်နေသည့် ထားဝယ်မြို့ခံ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာ၊ ၂၇ မိုင်၊ ဥဿရံကျေးရွာတို့အနီးတွင် နိုဝင်ဘာလ ၂၄ ရက် ကတည်းက အက်တမ်ဖိုင်ဘာကြိုးများ ဖြတ်တောက်ခံထားရသည်။
အက်တမ်ကုမ္ပဏီနှင့် ဖိုင်ဘာဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတိုးအကြား အငြင်းပွားမှုဖြစ်ပွားနေသဖြင့် ဖြတ်တောက်ခံထားရ သည့် အက်တမ်ဖိုင်ဘာကြိုးအား ပြန်ဆက်ရန်မှာ အချိန်ကြန့်ကြာလျက်ရှိသည်။
ယင်းအတွက်ကြောင့် တိုင်းထဲတွင် အက်တမ်ဖုန်းလိုင်းပြတ်တောက်နေသည်မှာ ဒီဇင်ဘာလ ၅ရက်နေ့အထိ ၁၂ ရက် ရှိလာပြီ ဖြစ်သည်။
ယင်း ၁၀ရက်ကျော်အက်တမ်ဖုန်းလိုင်းများပြတ်တောက်နေသဖြင့် Wave Money ဖြင့် လွှဲထားသည့် ငွေကျပ်သိန်း ရာချီထုတ်ယူ မရဘဲဖြစ်နေကြောင်း ထားဝယ်မြို့ခံ မိန်းကလေးအလှကုန်ပစ္စည်း အေဂျင့်တစ်ဦးက ပြောဆိုသည်။
“Kaypay က ကျတော့ ပြဿနာမရှိပေမယ့် Wave Money ကျတော့ ပိုက်ဆံတစ်ခါထုတ်ရင် တစ်ခါ OPT ကုတ်ကျ ဖို့လိုတယ်လေ။ အခုက လိုင်းပြတ်နေတော့ ပိုက်ဆံထုတ်မရဘဲဖြစ်ကုန်တာ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် အက်တမ်နှင့် Wifi သုံးစွဲနေသူတို့လည်း အင်တာနက်လိုင်းမရတော့သဖြင့် အခြား Wifi ကို ပြောင်းလဲ ဝယ်ယူနေရသဖြင့် ငွေကုန်ကြေးကျများပြားနေကြောင်း ပြောဆိုကြသည်။
ယင်းအပြင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးပြတ်တောက်ခြင်း၊ သတင်းအချက်အလက် မရတော့ခြင်း၊ အက်တမ် ဖုန်းဘေ အများအပြားဝယ်ယူထားပြီး ရောင်းမကုန်ခြင်း စသည့်ပြဿနာများလည်း ဖြစ်ပွားနေကြကြောင်း စုံစမ်းသိရသည်။