BREAKING
December 22, 2024

စပါးပေါ်ချိန် သောက

December 5, 2024

စပါးပေါ်ချိန် တောင်သူပျော်ချိန်တဲ့… အခုတော့သည်လို မဟုတ်တော့ပါဘူး။

“ဆုပ်လည်းစူး စားလည်းရူးဆိုသလိုပါပဲ။ ဒီစပါးတွေကို အခုချိန် ရောင်းလည်း မရောင်းချင်သေးဘူး။ လက်ထဲမှာလည်း မထားရဲဘဲဖြစ်‌နေတယ်” လို့ ဦးဟန်ဝင်းက ညည်းတွားပြောဆိုလိုက်ပါတယ်။

မှည့်ဝင်းနေပြီဖြစ်တဲ့ စပါးခင်းကိုကြည့်ပြီး ဆုံးဖြတ်ချက် မချနိုင်ဘဲဖြစ်နေတဲ့ လယ်သမားတွေက ဦးဟန်ဝင်း တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။

စပါးဈေးကကျ၊ တစ်ဖက်မှာ စစ်ဘေးပူနေရချိန်မှာ ဒီစပါးတွေကို ထုတ်ပဲရောင်းရမလား။ ကျီထဲပဲ သိမ်းထားရမလား ဝေခွဲမရဖြစ်နေကြတာပါ။

ဇွန်လလောက်တုန်းက စပါးကြမ်းတစ်တင်းကို ၂၆၀၀၀ ကျပ်လောက်အထိ ဈေးမြူးခဲ့ပေမယ့် အခုစပါးပေါ်ချိန်ကျတော့ တစ်တင်းမှ ၁၆၀၀၀ ကျပ်ဝန်းကျင်ပဲရတော့တာပါ။

ကမာကြည်ဆိုလည်း ဇွန်လတုန်းက ၃၀၀၀၀ ကျပ်အထိရ‌ပေမယ့် အခုကတော့ ၂၀၀၀၀ ကျပ်လောက်ပဲ ကျန်ပါတော့တယ်။

ထားဝယ်ပေါ်ဆန်းဆိုရင် ၃၅၀၀၀ ကျပ်ကနေ ၂၈၀၀၀ ကျပ်ပဲ စျေးရတော့တာပါ။

စပါးပေါ်စ သည်လိုအချိန် နှစ်တိုင်းစပါးဈေးကျလေ့ရှိတဲ့ ထုံစံအတိုင်း ဒီနှစ်လည်းဈေးကျနေတာ အထူးအဆန်းတော့ မဟုတ်ပါ။ ထူးဆန်းသွားတာက စပါးတွေကျီထဲသိမ်းပြီး စျေးကောင်းရချိန်စောင့်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေပါ။

စစ်ကောင်စီ စစ်ကြောင်းထိုးလာရင် သိမ်းထားတဲ့ စပါးတွေ ဆုံးရှုံးမှာက မြေကြီးလက်ခတ်မလွဲပါဘူး။

စစ်ကောင်စီ စစ်ကြောင်းက လူသတ်၊ အိမ်းမီးရှို့၊ ဒါ့အပြင်တွေ့သမျှ ယူသွားလေ့ရှိတော့ လယ်သမားတွေ ကြောက်ကြတာမဆန်းပါဘူး။

အခုလည်း ဦးဟန်ဝင်းဟာ အကျဈေးနဲ့ စပါးတွေထုတ်မရောင်းချင်၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အချိန် ကံဆိုးသူမောင်ရှင်က သူဖြစ်သွားမှာကို စိုးရိမ်ပြီး ကျီထဲလည်းမထားရဲ ဖြစ်နေရှာတာပါ။

အရင်ကဆို အကျဈေးနဲ့ မရောင်းချင်ရင် ကျီထဲသိမ်းထားမလား၊ ဒါမှမဟုတ် စပါးအဝယ်ဒိုင်တွေလက်ထဲအပ်လိုက်ပြီး ကြိုက်တဲ့အချိန် ပေါက်ဈေးနဲ့ ဈေးဖြတ်မလား ရွေးလို့ရပါတယ်။ အခုကတော့ ရွေးချယ်ပိုင်ခွင့် လယ်သမားတွေမှာ မရှိတော့ပါ။

စပါးအဝယ်ဒိုင်တွေ ကိုယ်တိုင်ကရော ဘာတွေမို့လို့လဲ၊ စစ်ကြောင်းဝင်ရင် အကုန်ထားပြီး ပြေးကြရတာပဲမဟုတ်လား။ သူတို့စပါးကျီတွေလည်း မီးရှို့ခံရနိုင်တာပဲလေ။

“အခုချိန်မှာ ကိုယ့်စပါးကလွဲပြီး သူများစပါးလက်ခံပေးထားဖို့ ကျွန်မတို့မစွန့်စားရဲဘူး” လို့ စပါးအဝယ်ဒိုင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တချို့စပါးအဝယ်ဒိုင်တွေကတော့ အချိန်ကန့်သတ်ချက်တစ်ခုထားပြီး စပါးတွေ လက်ခံပေးနေကြတာ ရှိပါတယ်။

ဦးဟန်ဝင်းတို့ လောင်းလုံးမြို့နယ်က လယ်သမားတွေအတွက်ကတော့ အကျဈေးနဲ့ဆို တွက်ခြေမကိုက်၊ လက်ထဲသိမ်းထားဖို့ကလည်း ကျောမလုံကြတော့ဘဲ သောကဝေနေကြပါတယ်။

လယ်သမားတွေ သောကက ဒီလောက်ပဲတော့ မဟုတ်ပါဘူး။ မိမိစိုက်ထားတဲ့စပါးတွေ မှည့်တာတောင် မရိတ်သိမ်းနိုင်တဲ့ လယ်သမားတွေလည်း ရှိနေပါတယ်။

ထားဝယ်မြို့နယ်က လယ်သများတချို့က ကိုယ်လယ်ကိုယ်ပစ်ပြီး ထွက်ပြေးပုန်းရှောင်နေကြရလို့ ရိတ်သိမ်းဖို့ နေနေသာသာ မှည့်ဝင်းနေတဲ့ စပါးခင်းကိုတောင် သွားကြည့်ခွင့် မရကြပါဘူး။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာသားတစ်ဦးဖြစ်တဲ့ ဦးဖိုးလူ (အမည်လွှဲ) ကတော့ သူ့စပါးတွေ ရိတ်သိမ်းခွင့်ရဖို့က ကံတရားပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။

“စပါး(အသီး)တွေ မကြွေကျခင် စပါးရိတ်စက်က လာရိတ်ပေးဖို့ရဲရင်တော့ ရိတ်ရမယ်။ မရဲရင်တော့ ပစ်လိုက်ရတော့မယ်” လို့ သူကဆိုပါတယ်။

ထားဝယ်မြို့‌နဲ့ ခုနစ်မိုင်လောက်ပဲဝေးတဲ့ မောင်မယ်ရှောင်ကျေးရွာဟာ နွေစပါး၊ မိုးစပါး စိုက်ပျိုးကြပြီး လယ်ယာနဲ့ အသက်မွေးကြတဲ့ ရွာကြီးတစ်ရွာပါ။

လယ်ကွင်းတွေ မျက်စိတစ်ဆုံးနဲ့ ထင်ရှားတဲ့ ရွာကြီးတစ်ခုပါပဲ။ နာမည်ကျော် ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲစေတီကြောင့်လည်း လူသိများပါတယ်။ အခုတော့ စစ်တလင်းဖြစ်နေပါပြီ။

ဦးဖိုးလူဟာ မွေးကတည်းကနေ အခုအသက် ၆၀ ကျော်အထိ ဘိုးဘွားပိုင် လယ်ခုနစ်ဧကကို လုပ်ကိုင်ပြီး မိသားစုကို ကျွေးမွေးစောင့်ရှောက်လာသူပါ။

ရွာပျက်ကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ပြေးရင်းလွှားရင်း သူ့လယ် ခုနစ်ဧကမှာ လေးဧကကိုပဲ လုပ်နိုင်ပါတော့တယ်။

သူတို့ရွာက အခြားလယ်သမားတွေလည်း ဦးဖိုးလူလိုပဲ လယ်ပစ်၊ အိမ်ပစ် ထွက်ပြေးနေကြရလို့ မောင်မယ်ရှောင်ရွာအနီးဝန်းကျင်မှာ ပစ်ထားတဲ့လယ်မြေတွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာနေပါတယ်။

ဒီနှစ်လည်း သူ့လယ်ထဲ စပါးတွေမှည့်ဝင်းနေပေမယ့် ရိတ်သိမ်းခြွေလှေ့စက်တွေ ခြေဦးမလှည့်ရဲလို့ ရွှေဝါရောင်စပါးတွေဟာ ငှက်အစာဖြစ်ကုန်တော့မှာပါ။

စပါးတွေငှက်စာဖြစ်ကုန်သလို သူတို့ရွာက အိမ်တွေဟာလည်း စစ်ကောင်စီတပ်လက်ချက်နဲ့ မီးစာဖြစ်ကုန်တာ မရေမတွက်နိုင်အောင်ပါပဲ။

ရေဖြူမြို့နယ်က လယ်သမားတွေကျပြန်တော့ ရိတ်သိမ်းခါနီး ရေမြှပ်တဲ့သူနဲ့ ပိုးကျတဲ့သူနဲ့ သောကပွေနေကြပြန်ပါတယ်။

သွင်းအားစုစျေးတွေ ခေါင်ခိုက်နေချိန် ပိုးကျ၊ ရေမြုပ်ကြတော့ စပါးအထွက်နည်းကုန်းတာက လယ်သမားတွေအတွက် ဆုံးရှုံးမှုများလွန်းလှပါတယ်။

“လယ်ဧကများများရှိတဲ့လူက များများရှုံးတာပေါ့ ။ အခုလိုပိုးကျတဲ့နှစ်ဆို တချို့ဆို သုံးပုံတစ်ပုံ ၊ တချို့လည်း ငါးပုံတစ်ပုံလောက်အထိ အထွက်နည်းသွားကြတယ်” လို့ ရေဖြူမြို့နယ် ဖောင်းတော ကျေးရွာက လယ်သမားတစ်ဦးက ဆိုပါတယ်။

ထားဝယ်ဒေသထွက် ဈေးကြီးဆုံးအမျိုးအစား ထားဝယ်ပေါ်ဆန်းတစ်တင်း လက်ရှိပေါက်ဈေး ကျပ် ၂၈၀၀၀ ဝန်းကျင်ရှိတဲ့အချိန် ဓာတ်မြေဩဇာတစ်အိတ် ကျပ်တစ်သိန်းကျော်ရှိတာပါ။

အဲဒီလို သွင်အားစုနဲ့ စပါးဈေးမမျှမတဖြစ်နေတဲ့ အခုခေတ်မှာ လယ်တစ်ဧက တစ်ရာသီစာ ကုန်ကျစရိတ်က ကျပ်ဆယ်သိန်း‌ကျော်ပါတယ်။

လုပ်အားခမပါ ကျပ်ဆယ်သိန်းကျော်ရင်းထားပြီး တစ်ဧက စပါးတင်း ၆၀ နဲ့ ၇၀ ကြားမှမရရင် လယ်သမားတွေ အကြီးအကျယ်အရှုံးပေါ်တာပါပဲ။

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်သွားတာတွေ၊ စစ်ကြောင်းထိုးမှုတွေ၊ မလုံခြုံမှုတွေဟာ လယ်သမားတွေကို ကြိုးကွင်းစွပ်နေသလိုပါပဲ။

စပါးပေါ်ချိန် တောင်သူတွေပျော်ချိန်ဆိုတဲ့စကား အတိတ်မှာကျန်ခဲ့ပါပြီ။ အရင်က အခုလို စပါးပေါ်ချိန်ဆို တောင်သူတွေ လက်ထဲမှာ ငွေပိုငွေလျှံများလို့ အလှူအတန်းတွေနဲ့ ပျော်ရွှင်စည်ကားနေတတ်တာပါ။

အခုအခါမှာတော့ စစ်အာဏာသိမ်းမှုရဲ့ ဆိုးရွားတဲ့ဒဏ်ကို တောင်သူတွေ ရင်စီးခံနေကြရပါပြီ။ စပါးပေါ်ချိန် လယ်သမားတွေ သောကဝေချိန်လို့ ဆိုရတော့မှာပါ။

မောင်မယ်ရှောင်ရွာက လယ်သမားကြီး ဦးဖိုးလူကတော့ “လယ်သမားလည်း စိတ်ဖြောင့်ဖြောင့် မနေရတဲ့ဘဝရောက်သွားပြီ” လို့ ညည်းတွားပြောဆိုလိုက်ပါတယ်။