တရုတ်မှာ ဆန္ဒပြပွဲတွေ ရက်သတ္တပတ်ကြာ ပြုလုပ်ပြီးနောက် အာဏာပိုင်တွေဟာ ဦးဆောင်ဆန္ဒပြသူတွေကို နိုင်ငံတော်ပိုင် စောင့်ကြည့်ရေးကိရိယာ အစုံအလင်သုံးကာ ရှာဖွေဖော်ထုတ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ တင်းကျပ်လွန်းတဲ့ ကိုဗစ် မူဝါဒတွေကို ဆန္ဒပြဖို့ တနင်္ဂနွေနေ့က ဘေကျင်းကို သွားခဲ့တဲ့ အသက် ၂၀ အရွယ် မစ္စတာဂျန်(အမည်လွှဲ) ဟာ သူ့မျက်နှာကို မမြင်သာအောင် သူဟာ သိုးမွေးခေါင်းစွပ်နဲ့ မျက်မှန်အကြီးကြီးတစ်လက်နဲ့ အကျအန ပြင်ဆင်သွားခဲ့ပါတယ်။ ရဲတွေသတိထားမိလောက်ချိန်မှာ အနီးနားက ချုံပုတ်တွေမှာ အနွေးထည်အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်ပြီး မျက်ခြေဖြတ်ပစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရဲလက်က လွတ်လာတဲ့ ဒီလူငယ်ဟာ ထိုညမှာ အိမ်ကို ချောချောမွေ့မွေ့ ပြန်လာနိုင်ခဲ့တယ်။
ဒါပေမဲ့ သူ တကယ် မလွတ်မြောက်ခဲ့ပါဘူး။ နောက်တစ်ရက်မှာ အာဏာပိုင်တွေက သူ့ဖုန်းကနေတစ်ဆင့် ဆက်သွယ်လာပြီး ဆန္ဒပြပွဲ ပြုလုပ်ရာ နေရာတွေမှာ သူ့ဖုန်းကို ခြေရာကောက်မိကြောင်းနဲ့ သူဘယ်အချိန်ထွက်ခွာသွားတယ်ဆိုတာလည်း သိရှိထားကြောင်း အသိပေးပါတယ်။ နောက်ထပ် မိနစ် ၂၀ အကြာမှာတော့ သူရှိရာနေရာ အတိအကျကို ရဲ ၃ ဦးရောက်လာပြီး သူ့အိမ်တံခါးကို ခေါက်ပါတော့တယ်။
ဒီဖြစ်ရပ်က မစ္စတာဂျန် တစ်ဦးတည်းမှာပဲ ဖြစ်ခဲ့တာ မဟုတ်ပါ။ တရုတ်အစိုးရကို ဒီတစ်ပတ်အတွင်း ဆန္ဒပြကြသူ အများစုမှာ အလားတူ အဖြစ်အပျက်မျိုး ကြုံခဲ့ရကြောင်းကို ကာယကံရှင်တွေ ကိုယ်တိုင်က ဝန်ခံကြသလို လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အတည်ပြုကြပါတယ်။
တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ် မူဝါဒတွေကို လျှော့ပေါ့ပေးရန် တောင်းဆိုချီတက်လာသူတွေကို ခြေရာခံကာ ဖမ်းဆီးထိန်းသိမ်းဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေချိန်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက စနစ်တကျ တည်ဆောက်ထားတဲ့ အားကောင်းလှတဲ့ စောင့်ကြည့်ထောက်လှမ်းရေးကိရိယာတွေကို အသုံးပြုလာတာပဲ ဖြစ်ပါတယ်။
ဒီအချိန်ဟာ လက်ရှိအုပ်ချုပ်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာရှင်စနစ်ကို တရုတ် ပြည်သူတွေက ကျယ်ကျယ်လောင်လောင် ဝေဖန် မေးခွန်းထုတ်လာချိန်လည်း ဖြစ်ပါတယ်။
တရုတ်ရဲတွေဟာ ဆန္ဒပြပွဲတက်ရောက်သူတွေကို ဖော်ထုတ်ဖို့ သူတို့ရဲ့ မျက်နှာတွေ၊ ဖုန်းတွေနဲ့ သတင်းပေးသမားတွေကို အသုံးပြုကြပါတယ်။ အများအားဖြင့်တော့ ဒီလို ဆန္ဒထပ်မပြဖို့ ခံဝန်ထိုးခိုင်းပါတယ်။
အစိုးရရဲ့ ထောက်လှမ်းရေးပစ္စည်းတွေနဲ့ မကြုံဖူးသူတွေကတော့ သူတို့ကို ခြေရာခံနိုင်မှုအပေါ် မတွေးတတ်လောက်အောင် ဖြစ်ခဲ့ရကြောင်း အံ့သြတကြီးဆိုပါတယ်။
မေးမြန်းမှုတွေအရ နောက်ထပ် ဂယက်ရိုက်လာမှာကို စိုးရိမ်တာကြောင့် ဆန္ဒပြပွဲ ဓာတ်ပုံတွေကို ဖြန့်ဝေနိုင်တဲ့ နိုင်ငံတကာသုံး လူမှုမီဒီယာတစ်ခုဖြစ်တဲ့ တယ်လီဂရမ်လို ဆော့ဝဲမျိုးကိုပါ ဖုန်းထဲက ဖျက်လိုက်ရကြောင်း ဖြေကြားကြပါတယ်။
တရုတ်အာဏာပိုင်တွေ သုံးနေကြတဲ့ ဒီခြေရာခံနည်းတွေဟာ ကမ္ဘာ့အဆန်းပြားဆုံး စောင့်ကြည့်ရေးစနစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ လမ်းထောင့်တွေနဲ့ အဆောက်အအုံဝင်ပေါက်တွေမှာ ကင်မရာ သန်းပေါင်းများစွာ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အားကောင်းလှတဲ့ မျက်နှာဖော်ထုတ်ရေးဆော့ဖ်ဝဲလို နည်းပညာမြင့် ပစ္စည်းတွေရဲ့ အကူအညီနဲ့ နီးစပ်ရာ ဒေသခံတွေကိုပါ တစ်ပါတည်း ဖော်ထုတ်နိုင်အောင် စီစဥ်ထားကြတာပါ။ ဒီလို နည်းပညာတွေကြောင့် အချက်အလက်နဲ့ ပုံရိပ်တွေကို လိုအပ်သလို မြန်မြန်ဆန်ဆန် ရရှိနိုင်တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီစနစ်ကို လျှို့ဝှက်တည်ဆောက်ထားခြင်းမဟုတ်ပါဘူး။ တရုတ်မှာ စတင် တည်ထောင်စဥ်ကတည်းက လူသိထင်ရှား ဖော်ပြခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီ စနစ်ကို ဝေးလံခေါင်သီတဲ့ ဒေသတွေမှာပဲ အသုံးပြုမယ်လို့ ယူဆခဲ့ကြပါတယ်။ အာဏာပိုင်တွေဟာ အတိုက်အခံအဖွဲ့တွေ၊ ဒေသခံ လူနည်းစု အုပ်စုလေးတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စောင့်ကြည့် ခြေရာခံတဲ့နေရာမှာ ဒီစနစ်ကို သုံးနေတာ ကြာပါပြီ။
ဒီစနစ်ကို ထောက်ခံသူတွေကတော့ လူတစ်ယောက် အမှားလုပ်ထားတာမရှိရင် ဘာကိုမှဖုံးကွယ်စရာမလိုဘူးဆိုတာမျိုး ပြောကြပါတယ်။ ဒါပေမဲ့ ဒီလူတွေရဲ့ အမြင်ကို လတ်တလောက အဖြစ်အပျက်တွေက လှုပ်နှိုးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက သူတို့ထင်သလို ဆင်းရဲလှတဲ့ အစွန်အဖျား ဒေသတွေမှာပဲ ဒီစနစ်ကို သုံးတာမဟုတ်ဘဲ နိုင်ငံ့ အချမ်းသာဆုံး မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ လူလတ်တန်းစားတွေကို တိုက်ရိုက်စောင့်ကြည့်တဲ့ နေရာမှာပါ အသုံးပြုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အရင်က ပြည်သူအများစုဟာ ဆင်ဆာဖြတ်တောက်မှုတွေကို အတွေ့အကြုံရှိထားပေမဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ကြရတဲ့ (အိမ်အထိတောင် လာခေါ်တဲ့) ယခုလို တုန်လှုပ်စရာ အဖြစ်အပျက်မျိုးကိုတော့ မကြုံဖူးကြသေးပေ။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ရဲ့ တရုတ်ရေးရာ သုတေသီ Alkan Akad က “ရဲတွေက သူတို့အိမ်တံခါးကို လာခေါက်ပြီး ဆန္ဒပြပွဲတွေ ပြုလုပ်နေတုန်းက သူတို့ဘယ်မှာ ရှိနေခဲ့လဲ မေးတယ်။ ဒီလိုလာမေးနိုင်ဖို့ဆို သူတို့ရဲ့ စနစ်တကျ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာတွေရဲ့ အကူအညီနဲ့ ရလာတဲ့ အထောက်အထားတွေကို သုံးနေပုံပေါ်တယ်လေ။ သူတို့ရဲ့ ဒီ ‘Big Brother’ နည်းပညာကို ဘယ်တော့မှ ရပ်ပစ်မှာ မဟုတ်ဘူး။ ဒီစနစ်က အာဏာရ အစိုးရကို တော်လှန်ပုန်ကန်နိုင်တဲ့ အလားအလာမှန်သမျှ အလွယ်တကူ ငြိမ်းသတ်ပေးဖို့ အားကိုးလောက်တယ်လေ” လို့ မှတ်ချက်ပေးပါတယ်။
ယခုပြုလုပ်နေတဲ့ ချီတက်ဆန္ဒပြပွဲတွေဟာ တီယန်မင်ရင်ပြင်မှာ စစ်တပ်က ရက်စက်ပြင်းထန်စွာ ဖြိုခွင်းချေမှုန်းခဲ့တဲ့ ၁၉၈၉ ခုနှစ် နောက်ပိုင်းကာလတွေမှာ ပြန်လည် အားကောင်းလာတဲ့ နိုင်ငံရေးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အာဏာပိုင်တွေက အဆင့်မြင့် နည်းပညာအကူအညီနဲ့ တိတ်တဆိတ်ဖြိုခွင်း အရေးယူတဲ့နည်းကို အသုံးပြုနေတာပါ။ သူတို့ရဲ့ အဓိက ပစ်မှတ်တွေကတော့ ပွဲစီစဥ်သူတွေ၊ ဆန္ဒပြပွဲအတွင်း အတက်ကြွဆုံးသူတွေ နဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပြီး တစ်ဦးချင်းစီကို အိမ်တိုင်ရာရောက် ဖမ်းဆီးထိန်းသိမ်း နေပြီပဲဖြစ်ပါတယ်။ နောက်လိုက်တွေနဲ့ ကြည့်ရှုသူ သာမန်ပရိသတ်တွေလည်း တင်းကျပ်တဲ့ ခံဝန်ကတိတွေနဲ့ ခြိမ်းခြောက်ခြင်းခံရပါသေးတယ်။
မစ္စတာ ဂျန်ကို ခြေရာခံပုံနည်းအတိုင်း အခြားဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ မျက်မှန်းတန်းမိတဲ့ မျက်နှာဖတ် ကင်မရာတွေကို သတိကြီးကြီးထား ရှောင်ရှားခဲ့ပေမယ့် ဖုန်းနဲ့ ခြေရာခံနိုင်မှုကို လျှော့တွက်ခဲ့ကြတာပါ။ ဧရိယာကောက် (အင်တာနာ) တွဲရက်ပါတဲ့ ဒီသေတ္တာသေးသေးလေးတွေဟာ စက်ပစ္စည်းအားလုံးကို လွယ်လင့်တကူ ချိတ်ဆက်နိုင်ပါတယ်။ သူတို့ဟာ ဆဲလ်တာဝါတိုင်အကြီးတွေလို အလုပ်လုပ်နေတဲ့အပြင် အနားက ဖြတ်သန်းသမျှ ဖုန်းအားလုံးကို ချိတ်ဆက်နိုင်ကာ အချက်အလက်အားလုံးကို အာဏာပိုင်တွေဆီ ပို့ပေးပါတော့တယ်။ မစ္စတာ ဂျန် ကိုတော့ ရဲတွေက ပြင်းပြင်းထန်ထန် စစ်ကြောမေးမြန်းပြီး ဆန္ဒပြပွဲတွေ ထပ်မတက်ဖို့ သတိပေးပြီးနောက် သူ့တိုက်ခန်းကနေ ပြန်ထွက်သွားခဲ့ပါတယ်။
ဒီအဖြစ်ဆိုးက သူ့ကို အတော်ထိတ်လန့်စေကြောင်းနဲ့ လူထုစုဖွဲ့မှု အရှိန်အဟုန်ကို ဖိနှိပ်ရာမှာ အခုနည်းက ထိရောက်မယ်လို့ ယုံကြည်ကြောင်း သူက ဆက်ပြောပါတယ်။ “နောက်တစ်ခါ လူတွေကို ပြန်ပြီး စည်းရုံးနိုင်ဖို့တော့ အတော်လေးခက်သွားပြီ။ လမ်းမတွေကနေ လူတွေ ပြန်ခွာနေကြပြီ” ဟု ၎င်းက ဆိုပါတယ်။
မျက်နှာပုံရိပ်ကတဆင့် ခြေရာခံမိသူ မစ္စတာ ဝမ်ကတော့ တနင်္ဂနွေ ဆန္ဒပြပွဲ အပြီး နှစ်ရက်ကြာမှ ရဲတပ်ဖွဲ့ရဲ့ သတိပေး အကြောင်းကြားစာ ရခဲ့ပါတယ်။ သူ့ကိုတော့ မျက်နှာမှတ်သားမှုနည်းပညာနဲ့ ဖော်ထုတ်နိုင်ခဲ့တာလို့ ရဲတွေက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ အခြားသူတွေနဲ့ မတူတာက သူက ဦးထုပ်၊နေကာမျက်မှန်တို့နဲ့ ရုပ်ဖျက်ခဲ့တာမဟုတ်ဘဲ နှာခေါင်းစီးမျက်နှာအုပ် ကို လုံလုံခြုံခြုံ ဝတ်ထားခဲ့တာပါ။ သူက ရဲတွေအနေနဲ့ မျက်နှာကို ပုံဖော်နိုင်တာက အံ့သြစရာ မဟုတ်ပေမဲ့ ဒီလိုခြေရာခံနည်းပညာတွေရဲ့ စောင့်ကြပ်မှုအောက်မှ နေထိုင်ရတာဟာ အတော်အနေကျပ်ရတယ်လို့ ပြောပါတယ်။ “ဒီလိုလူထုစုဝေးပွဲတွေသွားရင် ဒီလို အန္တရာယ်တွေ ကြုံရမယ်မှန်း ကျွန်တော် သိပါတယ်။ သူတို့ ရှာချင်ရင် အလွယ်ကလေး ရှာတွ့နိုင်မှာသေချာတယ်လေ” ဟု ၎င်းက ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဖုန်းခေါ် သတိပေးချိန်က ၁၀ မိနစ်ခန့်ပဲ ကြာပါတယ်။ ဒါပေမဲ့ ဒီအချိန်တိုအတွင်း ထိရောက်တဲ့ ခြိမ်းခြောက်သတိပေးမှုကို အကောင်းဆုံးလုပ်ခဲ့တာပါ။ “ဒါပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ” လို့ ပြတ်ပြတ်သားသားသတိပေးခဲ့တာ လို့ သိရပါတယ်။
ဒီလိုမျိုး ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း သို့မဟုတ် သတိပေးစကား ပြောခံရသူတွေဟာ အင်တာနက်သုံးတိုင်း VPNs (virtual private networks) တဆင့်ခံသုံးကြပြီး Telegram, Signal စတဲ့ နိုင်ငံခြား အက်ပ်တွေကို ဖယ်ရှားလိုက်ကြောင်း ပြောပါတယ်။ ယခုအခါ သူတို့ဟာ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ နေထိုင်နေရတာကြောင့် လွတ်လပ်မှုမရှိဘဲ သူတို့ သုံးသမျှ ဆော့ဖ်ဝဲတိုင်းက အာဏာပိုင်တွေ သံသယဝင်ဖွယ် မဖြစ်ဖို့ ဂရုစိုက်နေရကြောင်း ရင်ဖွင့်ပါတယ်။
တနင်္လာနေ့က တရုတ်နိုင်ငံအလယ်ပိုင်း ချန်ဒူးမြို့မှာ ဆန္ဒပြနေစဥ် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားတစ်ဦးက ရဲစခန်းမှာ ရဲတွေက သူ့ဖုန်းထဲမှာ တယ်လီဂရမ်နှင့် အခြားနိုင်ငံခြားအက်ပ်တွေသွင်းထားတာ တွေ့တဲ့အခါတဲ့ ဝင်ကြည့် သေချာ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် သူ့ကို လွှတ်ပေးလိုက်တဲ့ အချိန်မှာ ဒီ အက်ပ်တွေကို ဖျက်ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆန္ဒထုတ်ဖော်သူ တချို့ကတော့ ဒီနည်းပညာတွေကို ပြန်လည်ခုခံဖို့ ကြိုးစားကြပါတယ်။ သူတို့ဟာ ၂၀၁၉ ခုနှစ်က ဟောင်ကောင်က ဆန္ဒပြသူတွေ သုံးခဲ့တဲ့ နည်းအတိုင်း အကြမ်းနည်းသုံးလာတဲ့ ရဲအရာရှိတွေရဲ့ အချက်အလက်မှတ်တမ်းတွေကို ပြန်လည်ဖော်ထုတ်ကြပါတယ်။
ဒီအပတ်ထဲမှာပဲ ရှန်ဟိုင်းက ရဲအရာရှိ ၆၀,၀၀၀ ရဲ့ အချက်အလက် စာရင်းတစ်ခုကို Telegram ကိုသုံးပြီး ဖြန့်ဝေထားပါတယ်။ မူရင်းပေါက်ကြားမှုကို စုံစမ်းတဲ့ ဆိုက်ဘာလုံခြုံရေးအဖွဲ့ Internet 2.0 ရဲ့ အဆိုအရ ဒီအချက်အလက်တွေဟာ ၂၀၂၀ ခုနှစ်က ပေါက်ကြားခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဝင် စာရင်းကနေ ထွက်ပေါ်လာတာလို့ သိရပါတယ်။ အရာရှိတွေရဲ့ အမျိုးသားမှတ်ပုံတင်နံပါတ်တွေ၊ လိပ်စာ၊ အိမ်ထောင်ရေးအခြေအနေ၊ လူမျိုးစု၊ အရပ်အမြင့် စတာတွေ ပါဝင်တဲ့ အချက်အလက်တွေ မှန်ကန်ကြောင်း Times က အတည်ပြုခဲ့ပါတယ်။
ဆန္ဒပြသူတွေအတွက်တော့ သူတို့လုပ်သမျှကို ရဲတွေက ခြေရာကောက်နေတယ်ဆိုတဲ့ အတွေးက အစိုးရရဲ့ ထိတ်လန့်စရာ ခြိမ်းခြောက်မှု ဗျူဟာ တစ်မျိုးပဲ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ရုပ်ရှင်ဒါရိုက်တာ မစ္စ ဝမ် က ဘေဂျင်း က ဆန္ဒပြပွဲ မှာ တနင်္ဂနွေနေ့ညက သူငယ်ချင်းတစ်စုနဲ့ ရှိခဲ့ပြီး သတိကြီးကြီးထားတတ်တဲ့ သူမတို့ အုပ်စုဟာ ဆေးဘက်ဆိုင်ရာ မျက်နှာဖုံးကိုယ်စီနဲ့ အလှမ်းကွာဝေးတဲ့ နေရာအထိ တက္ကစီကိုစီးခဲ့ပြီးမှ ချီတက်ပွဲကို လမ်းလျှောက်လာခဲ့ကြောင်းပြောပါတယ်။ သူတို့ဟာ ဖုန်းတွေကို ပိတ်ခဲ့ဖို့ သတိပေးခံရပေမယ့် အဲဒီ့အစား အခြား GPS နဲ့ Face ID တွေကိုသာ ပိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“အဲဒီတုန်းက ဒီလောက် လူတွေ အများကြီးရှိနေတဲ့အထဲမှာ တစ်ယောက်ချင်းစီကို ရှာနိုင်မယ်မထင်ခဲ့ဘူး” လို့ သူမက ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမသူငယ်ချင်းတွေဟာ ရဲတွေရဲ့ သတိပေးစကားကို ပုံစံအမျိုးမျိုးနဲ့ လက်ခံရရှိခဲ့ပါတယ်။ တချို့ဆို ရဲစခန်းအထိ လိုက်သွားပြီး အခြားလူတွေကိုပါ ဖော်ထုတ်ပေးခဲ့ရသေးတယ်လို့ ပြောပါတယ်။
“ကျွန်မ သူငယ်ချင်းတွေတော့ နောက်တစ်ခါ ဒီလိုဆန္ဒပြပွဲတွေကို သွားရဲတော့မှာမဟုတ်ဘူး” လို့ သူမက ဆိုပါတယ်။
သူတို့အထဲမှာ မစ္စဝမ်ကတော့ ခြေရာခံမှုတွေကနေ ကင်းလွတ်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ညက ကိုဗစ်ရောဂါစစ်ဆေးမှုတွေမှာ သုံးတဲ့ နိုင်ငံပိုင်ကျန်းမာရေး ဆော့ဖ်ဝဲ လိုမျိုး သူမအကြောင်း ကို သိနိုင်မယ့် စနစ်တွေ ချိတ်ဆက် မထားတဲ့ ဖုန်းကို အသုံးပြုခဲ့လို့ပါ။
ဒီအတွေ့အကြုံဟာ သူမစိတ်ကို ကသိကအောက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ “ငါသွားလိုက်အုံးမယ်။ ရဲတွေငါ့ကို ရှာနိုင်မလားဆိုတာ မကြာခင် သိရမှာပေါ့” လို့ ပြောပြီးနောက် လူထုစုဝေးပွဲ ထပ်တက်ဖြစ်မလားလို့ မေးတဲ့အခါမှာတော့ သူက “ရှင်သွားသင့်ပြီထင်တယ်” လို့ပဲ အဖြေပေးပါတော့တယ်။
(The New York Times မှာ ဖော်ပြခဲ့တဲ့ How China’s Police Used Phones and Faces to Track Protester ဆောင်းပါးကို Connect Burma ရဲ့ အယ်ဒီတာ အဖွဲ့တစ်ဦးက ဘာသာပြန်ထားပါတယ်။)
Connect Burma တွင်ဖော်ပြထားသော ဆောင်းပါးကိုရယူဖော်ပြထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးကို ဆန္ဒပြသူတွေကိုတရုတ်အာဏာပိုင်တွေ ဘယ်လိုခြေရာခံပြီး ဖိနှိပ်နေသလဲ တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။