BREAKING
December 23, 2024

ထားဝယ် ကနိုင်းဒါရွာတွင် လောင်းကစားဝိုင်းကို PDF ဝင်ဖမ်း

November 5, 2024

ဓာတ်ပုံ - ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း

ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာတွင် လောင်းကစားဝိုင်းကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်တွင် ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ကယ်နှင့် ငွေကြေးအချို့ကို သိမ်းဆည်းသွားကြောင်း ဒေသခံအချို့နှင့် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးချိန်တွင် ပျူစောထီးတပ်ဖွဲ့ဝင်အချို့ ဖမ်းမိပြီး ရွှေထည်လက်ဝတ်ရတနာ ပစ္စည်း အချို့၊ ငွေကျပ်သိန်းဆယ်ချီနှင့် ဆိုင်ကယ်များကို PDF က သိမ်းဆည်းသွားသည်ဟု ကြားသိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဘယ်လောက်ဘယ်လောက်ပါတယ်ဆိုတာ အတိအကျတော့မသိဘူး။ ကစားဝိုင်းကတော့ ကစားဝိုင်းကြီးပဲ” ဟု ၎င်းက ဆိုသည်။

ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားဝိုင်းက ငွေကျပ် ၃၅ သိန်းနီးပါးနှင့် ရွှေထည်ပစ္စည်း တစ်ကျပ်သားခန့်၊ Honda Fit ကားတစ်စီး၊ ဆိုင်ကယ် ၁၀ ခန့်ကို သိမ်းဆည်းရရှိကြောင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူ ရဲဘော်ကပ္ပတိန်က ပြောဆိုသည်။

“ကားကတော့ ပျူစောထီးခေါင်းဆောင် နော်စွန် (ရဲ့) တူရဲ့ကားပါ။ သူလည်း ပျူစောထီးခေါင်းဆောင်နော်စွန်နဲ့ အတူတူ ပြည်သူတွေကို ဒုက္ခပေးနေသူပါ။ သူ့မှာ အဲဒီနေ့က သေနတ်လည်း ပါလာတယ်။ သူကိုယ်တိုင် ပြန်လည်ပစ်ခတ်တာလည်း ရှိပါတယ်။ ကျွန်တော်တို့ဘက်က လက်ဦးမှုရသွားလို့ သူတို့ပြေးသွားတာပါ” ဟု ၎င်းက ပြောသည်။

ကစားဝိုင်းတွင် ဖမ်းမိသည့် အရပ်သားများကို ပြန်လွှတ်ပေးခဲ့ပြီး ပျူစောထီးတစ်ဦးနှင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ နှစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲဘော်ကပ္ပတိန်က ပြောဆိုသည်။

“နောက်နောင် ဒီလိုမလုပ်မိအောင် (ပစ္စည်းတွေကို) တစ်ခါတည်းအပြီးသိမ်းဆည်းမှာပါ။ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါလာတဲ့ တော်လှန်ရေးအဖွဲ့တွေကိုလည်း ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသူ သုံးဦးကို တနင်္သာရီတိုင်းစစ်ဌာနသို့ တင်ပြပြီး ဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

မူးယစ်ဆေးနှင့် လောင်းကစားဝိုင်းပြုလုပ်ခြင်းများကို ရှောင်ရှားကြရန်နှင့် လုပ်ဆောင်နေသည်ကိုတွေ့ရှိပါကလည်း ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရဲဘော်ကပ္ပတိန်က ပြောသည်။