ထားဝယ်မြို့ ထန်းပင်တန်းလမ်းတွင် ယနေ့ နိုဝင်ဘာလ ၅ရက် ညနေ ၅ နာရီဝန်းကျင်က ဓားထောက်လုယက်မှုဖြစ်ပွားပြီး လုယက်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။
ထန်းပင်တန်းလမ်း (ခေါ် ) ကျန်းမာရေးလမ်းပေါ်တွင် စက်ဘီးဖြင့် သွားလာနေသည့် အမျိုးသမီးတစ်ဦး၊ ဇနီးမောင်နှံနှစ်ဦး၊ အခြားမျိုးသားတစ်ဦးတို့ ဓားထောက်လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“လုတဲ့သူက ထော်လာဂျီနဲ့ဗျ။ ဆေးပဲကြောင်နေတာလား။ ဆေးဖိုးပဲလိုလို့ လုတာလားတော့ မပြောတတ်ဘူး။ ဓားနဲ့ခြောက်ပြီး ရှိတာအကုန်ယူပြီး ထော်လာဂျီ အရှိန်ကုန်မောင်းပြေးသွားတယ်လို့ကြားတယ်” ဟု ထန်းပင်တန်းလမ်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။
ဓားထောက်လုယက်နေသည်ကို ထန်းပင်တန်းလမ်းတွင် ထန်းရည်သောက်နေသူများကလည်း မြင်တွေ့ခဲ့ကြပြီးနောက် လုယက်သူနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း မြို့ခံအချို့က ပြောဆိုသည်။
လုယက်သူမှာ ထော်လာဂျီဖြင့် မောင်းပြေးသွားချိန် မီးသုံးလုံးလမ်းဆုံအရောက်တွင် စစ်ကောင်စီတပ် ကင်းလှည့်သည့်ကားနှင့်တိုးပြီး အဖမ်းခံလိုက်ကြောင်း မြို့ခံအချို့က ဆိုသည်။
“ထော်လာဂျီက အရှိန်နဲ့မောင်းနေတာဆိုတော့ ကင်းလှည့်ကားက ရပ်ခိုင်းတာ မရပ်ပေးဘူးတဲ့။ သေနတ်နဲ့ ပစ်မယ်လုပ်မှ ရပ်ပေးလိုက်တာလို့ ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
လုယက်သူမှာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ကျောက်ရပ် ရပ်ကွက်တွင်နေထိုင်သူဖြစ်ကာ စစ်ကောင်စီတပ်က အဆိုပါအမျိုးသားကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။
လုယက်ခံရသူတို့၏ စက်ဘီး၊ ပိုက်ဆံအိတ်၊ ဆန်အိတ်တို့ကိုမူ ပြန်ပေးလိုက်သည်ဟု ကြားသိရကြောင်း မြို့ခံအချို့က ပြောဆိုသည်။
လုယက်မှုဖြစ်သည့်နေရာသည် ညနေ ၆ နာရီနောက်ပိုင်း လူပြတ်သွားလေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။