BREAKING
January 10, 2025

ကန်ရွေးကောက်ပွဲ သတင်းအမှားဖြန့်ရန် ရုရှား ငွေယူခဲ့ကြောင်း နာမည်ကြီးဘလော့ဂါ ဝန်ခံ

November 5, 2024

အမေရိကန်ရွေးကောက်ပွဲတွင် ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများက မဲပေးနေကြောင်း သတင်းအမှား ဖြန့်ချိရန် ရုရှားအစိုးရ ဝါဒဖြန့်တစ်ဦးထံမှ ဒေါ်လာ ၁၀၀ လက်ခံရရှိခဲ့ကြောင်း ထရမ့်ပ်ကို ထောက်ခံသည့် အမေရိကန်ဘလော့ဂါတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားသည် မက်ဆာချူးဆက်ပြည်နယ်သားတစ်ဦး ဖြစ်ပြီး X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်း၏ နိုင်ငံရေးအမြင်များကို ရေးသားပြောဆိုလေ့ရှိသူ ဖြစ်သည်။ ၎င်း အသုံးပြုသည့် @AlphaFox78 ဆိုသည့် အကောင့်တွင် ဖော်လိုဝါပေါင်း ၆ သိန်းခွဲ ရှိသည်။

ဟေတီနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတစ်ဦးက ဂျော်ဂျီယာပြည်နယ်တွင် ကမ်မလာဟဲရစ်အား အနည်းဆုံးနှစ်ကြိမ် မဲပေးမည်ဟု ပြောဆိုနေသည့် ရုပ်သံဖိုင်ကို ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။

ယင်းဗီဒီယိုမှာ သတင်းအမှားဖြန့်ချိရန်အတွက် ရုရှားဘက်မှ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုဖိုင်တစ်ခု ဖြစ်သည်။ ရုရှားသရုပ်ဆောင်များကို အသုံးပြု၍ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုဖိုင်တစ်ခု ဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် မော်ကွန်းထိန်းဖြစ်သူက ပြောသည်။

ထရမ့်ပ်ကို ထောက်ခံသည့် အမျိုးသားရေးဝါဒီ memes များကို ၎င်း၏ အကောင့်တွင် ယခင်ကလည်း တင်ထားခဲ့ဖူးသည်။

ယင်းဗီဒီယိုကို လူမှုကွန်ပေါ်တင်ပေးသည့်အတွက် ရုရှားအစိုးရအတွက် ဝါဒဖြန့်ပေးနေသည့် Simeon Boikov အမည်ရှိ နိုင်ငံခြားအေးဂျင့်တစ်ဦးက ၎င်းအား ဒေါ်လာ ၁၀၀ ပေးခဲ့သည်ဟု အဆိုပါ အမေရိကန်ဘလော့ဂါက ဆိုသည်။

ယင်းဗီဒီယိုပါ အချက်အလက်များကို သူ့အနေဖြင့် မှန်၊ မမှန် စစ်ဆေးမှုမရှိဘဲ အွန်လိုင်းပေါ် တင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ဒါတွေ ဘယ်က ဘယ်လိုရောက်လာတယ်ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်က မျှဝေပေးရုံပဲ”ဟု သူက ဆိုသည်။

ရုရှားအစိုးရအတွက် ဝါဒဖြန့်ပေးသူ Boikov သည် ဩစတြေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပြီး AussieCossack အမည်ဖြင့် Podcast များ တင်ဆက်လေ့ရှိသူ ဖြစ်သည်။ Boikov က အဆိုပါ အမေရိကန်ဘလော့ဂါအား ငွေပေးချေမှု အကြိမ်များစွာ ပြုလုပ်ခဲ့သည်ဟု အတွင်းသတင်းသိရှိသူတစ်ဦးက CNN သတင်းဌာနကို အတည်ပြုသည်။

“အရောင်းမြှင့်တင်ကုမ္ပဏီတွေနဲ့ နိုင်ငံရေးမဲဆွယ်စည်းရုံးမှုကမ်ပိန်းတွေ နှစ်ခုစလုံးမှာ ဆိုရှယ်မီဒီယာပေါ် လူသိများသူတွေကို အသုံးပြုကြပါတယ်။ အဲဒါကို အသုံးပြုကြတာကလည်း အလုပ်ဖြစ်လို့ပါပဲ” ဟု Clemson Universtity မှ သတင်းအမှားဆိုင်ရာကျွမ်းကျင်သူ Darren Linvill က ဆိုသည်။

“ဒစ်ဂျစ်တယ်လောကဟာ လက်တွေ့လောကလိုမျိုး ဖြစ်လာတယ်။ လူတွေဟာ လက်တွေ့လောကထဲက သူတို့ရဲ့ သူငယ်ချင်းတွေကို ယုံသလို ဆိုရှယ်မီဒီယာပေါ်က လူသိများသူတွေကို ယုံကြည်ကြတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကနှင့် ဥရောပထောက်လှမ်းရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ ရုရှားသတင်းအမှားဖြန့်ချိရေးကွန်ရက်သည် လုပ်ကြံဝါဒဖြန့်မှုများ ထုတ်လွှင့်လေ့ရှိရာ အမေရိကန်လူမှုကွန်ရက် လွှမ်းမိုးမှုရှိသူတို့၏ ပြန်လည်မျှဝေပေးမှုကြောင့် ယင်းဝါဒဖြန့်သတင်းအမှားများ ပိုမိုပျံ့နှံ့သွားလေ့ရှိသည်ဟု သိရသည်။

Source – CNN