BREAKING
January 10, 2025

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ငါးဖမ်းသမားတစ်ဦး လှေပေါ်က ပြုတ်ကျသေဆုံးမှု အလုပ်ရှင် တာဝန်မယူ

November 5, 2024

ပုံစာ - ပင်လယ်ထဲ ကျပျောက်ခဲ့သော ငါးဖမ်းသမား

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငါးခရိုင်တွင် ငါးဖမ်းလှေလိုက်နေသော ထားဝယ်ဒေသခံ ရေလုပ်သားတစ်ဦးသည် မတော်တဆ ရေထဲပြုတ်ကျ သေဆုံးခဲ့သော်လည်း အလုပ်ရှင်က တာဝန်မယူဘဲ ပစ်ထားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူထံမှ သိရသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ငါးဖမ်းလှေပေါ် လိုက်ပါသွားသော ထားဝယ်ရေလုပ်သားတစ်ဦးသည် လှေထွက်ပြီး နာရီပိုင်းအကြာ ရေထဲပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးသွားခဲ့ကြောင်း နီးစပ်သူက ဆိုသည်။

ပင်လယ်ထဲ ပြုတ်ကျပျောက်ဆုံးခဲ့သူမှာ အသက် ၄၃ နှစ်အရွယ် ကိုကျော့ကီးအမည်ရှိ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာသားဖြစ်သည်။

၎င်းလိုက်နေသော ငါးဖမ်းလှေသည် တစ်လ နှစ်ကြိမ်သာ ဝင်ထွက်လေ့ရှိသော မီးထွန်းလှေအမျိုးအစားဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျပျောက်ဆုံးခဲ့သော်လည်း အလုပ်ရှင်က တာဝန်ယူမှုမရှိဘဲ ကယ်ဆယ်ရေးကိုလည်း မခေါ် ကမ်းခြေစောင့်တပ်ကိုလည်း အကြောင်းမကြားဘဲ ထားခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။

ပျောက်ဆုံးခဲ့ပြီး တစ်ပတ်အကြာအထိ အလောင်းကို မတွေ့ရှိရသေးဘဲ နိုဝင်ဘာလ ၄ ရက်နေ့က သေဆုံးမှုအတွက် မိသားစုဝင်များက ရက်လည်ဆွမ်းကျွေးခဲ့ကြောင်း သိရသည်။

ယင်းအချိန်အထိ အလုပ်ရှင်ဖြစ်သူက လျော်ကြေးနှင့် နစ်နာကြေးကိစ္စများကို တာဝန်ယူပေးမှု မရှိသေးသည့်အပြင် သေဆုံးရသည့် အကြောင်းအရင်းကိုလည်း ပြောဆိုခဲ့ခြင်းမရှိသေးကြောင်း သေဆုံးသူနှင့် နီးစပ်သူက ပြောသည်။

“အလှူလုပ်လို့ (ရက်လည်) မနေ့က သူဌေးကို သွားပြောတော့ တစ်ကျပ်လဲမလာ အိမ်ကိုလည်း လုံးဝ လာမကြည့်ခဲ့ဘူး။ အခုထိလည်း ဘယ်လို ပျောက်သွားလဲဆိုတာ အတိအကျ မပြောဘူး” ဟု သေဆုံးသူနှင့် နီးစပ်သူက ဆိုသည်။

သူလိုက်နေသော လှေပိုင်ရှင်သည် လှေဦးစီးလည်း ဖြစ်နေပြီး ငါးဖမ်းသမား သေဆုံးရသည့် အကြောင်းအရင်းကိုလည်း ဖုံးကွယ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ပြုတ်ကျသေဆုံးခဲ့သော ငါးဖမ်းလှေသည် ပင်လယ်ထဲတွင်သာ ရှိနေခဲ့သေးဖြင့် ရေလုပ်သား ပြုတ်ကျသေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုလည်း တိတိကျကျမေးမြန်း၍ မရနေသေးဘဲ ပျောက်ဆုံးနေသော အလောင်းကိုလည်း မတွေ့ရသေးကြောင်း ၎င်းကဆိုသည်။

သေဆုံးခဲ့သော ရေလုပ်သားသည် အထောက်အထားပြည့်စုံသော တရားဝင် အလုပ်သမားဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကိုလည်း အလုပ်ရှင်က သိမ်းဆည်းထားဆဲဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်ရှင်ကို ဆက်သွယ်မေးမြန်းရန် အခက်အခဲများ ရှိနေသဖြင့် မေးမြန်းနိုင်ခြင်း မရှိပေ။

ပြီးခဲ့သောလပိုင်းကလည်း အနီးအနားပတ်ဝန်းကျင်များရှိ ရေလုပ်သားများ သေဆုံးဒဏ်ရာရရှိမှုများကို ကြားသိခဲ့ရသော်လည်း အလုပ်ရှင်က လျော်ကြေးနှင့် တာဝန်ယူမှုမရှိဘဲ ခြိမ်းခြောက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း နီးစပ်သူများက ဆိုသည်။

ထို့ကြောင့် ယခုဖြစ်စဉ်အတွက်လည်း ကျန်ရစ်သူများကို အန္တရာယ်ပြုမည်စိုးရိမ်နေသဖြင့် တိုင်ကြားမှုလုပ်ငန်းစဉ်များ မလုပ်ဆောင်ရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် လှေပေါ်လိုက်ပါသူများစာရင်းကို PIPO လှေဝင်လှေထွက်စစ်ဆေးရသောအဖွဲ့က စစ်ဆေးရလေ့ရှိပြီး လှေပေါ် မတော်တဆဖြစ်ပါက ကမ်းခြေရှိ ကမ်းခြေစောင့်တပ်ကို ချက်ချင်းအကြောင်းကြားကာ အရေးပေါ် ကမ်းသို့ ပြန်ကပ်ရမည်ဖြစ်ကြောင်း ထိုင်းငါးဖမ်းလုပ်သားဥပဒေတွင် သတ်မှတ်ထားသည်။

သို့သော်လည်း အလုပ်ရှင်၏ ခြိမ်းခြောက်မှုများကြောင့် ပင်လယ်ငါးဖမ်းလုပ်သားများ မတော်တဆ ထိခိုက်ဒဏ်ရာ သေဆုံးမှုများ ဖြစ်ပေါ်လာခဲ့ပါက လှေပေါ်တွင်ပင် ပြီးဆုံးသွားလေ့ရှိပြီး အချို့ငါးဖမ်းသမားများ ပင်လယ်ထဲတွင်ပင် သေဆုံး ပျောက်ဆုံးမှုများ ရှိလာနေခဲ့ကြောင်း အလုပ်သမားအဖွဲ့အစည်းများနှင့် ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သော ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ထဲတွင် ရွှေ့ပြောင်းငါးဖမ်းလုပ်သားသေဆုံးမှုနှင့် ပျောက်ဆုံးမှုသည် ၃၀၆ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။