BREAKING
January 10, 2025

ကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ကြားထိတွေ့ပစ်ခတ်မှု ရက်ဆက်ဖြစ်

November 5, 2024

ပုံစာ - ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် KNLAနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်တို့ကြား ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုများ ရက်ဆက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၃၀ရက်နေ့ကစပြီး ပျဥ်းကတိုးကုန်း၊ မဲရုံကြီး၊ မဲရုံလေး၊ ဝင်းကလော၊ ကျောက်ဖျာကျေးရွာတို့ဘက်ကို အင်အားဖြန့်ပြီး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ကြား အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး နေ့တိုင်းနီးပါး ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကြောင်းတွေ ဝင်လာတဲ့နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ နေ့တိုင်းပဲ။ သူတို့ (စစ်ကောင်စီတပ်) ပြန်မထွက်ရင် တိုက်ပွဲဆက်ရှိနေမယ်။ နောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဆက်တိုက်ပဲ” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းဝင်လာစဉ် ဖမ်းဆီးခံရသည့် ဒေသခံအချို့ရှိသလို စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထောင်နှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၅ ရက်ထိ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးသောကြောင့် ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများလည်း ယနေ့ထိ နေရပ်မပြန်နိုင်သေးကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လူထိခိုက်သေဆုံးမှု မရှိသေးသော်လည်း လူနေအိမ်နှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

လတ်တလော ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုထားပြီး ယင်းအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျိုက်ထိုမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ သတိဖြင့်သွားလာနေထိုင်ကြရန်၊ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေထိုင်သွားလာကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်တွန်းထားသည်။