BREAKING
January 28, 2025

ခမောက်ကြီးတွင် အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

November 5, 2024

ခမောက်ကြီးမြို့ ၊ အမှတ် (၄) ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ဝင်းဌေးသည် နိုဝင်ဘာလ ၄ ရက် ညနေပိုင်းတွင် ၎င်း၏နေအိမ်၌ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။

ဒေါ်ဝင်းဌေးကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

၎င်းသည် စစ်ကောင်စီ၏ စစ်မှုထမ်းကိစ္စနှင့် သန်းခေါင်စာရင်းကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ငွေကြေးကောက်ခံခြင်း၊ တော်လှန်ရေးအဖွဲ့များအား စုံစမ်းထောက်လှမ်းခြင်း စသည်တို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အထက်ဖော်ပြပါ ထုတ်ပြန်ချက်တွင်ပါရှိသည့် အချက်များကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဒေါ်ဝင်းဌေးသည် စစ်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သူဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“သူ့ (ဒေါ်ဝင်းဌေး) ကို စာနဲ့ရော၊ တယ်လီဖုန်းနဲ့ရော သတိပေးခဲ့တာရှိပါတယ်။ သတိပေးတုန်းပဲ စစ်ကောင်စီနဲ့ အဆက်အသွယ် မလုပ်ဘူးပြောပြီး နောက်ပိုင်းဆက်လုပ်နေလို့ အခုလို အရေးယူလိုက်တာပါ” ဟု ၎င်းက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ခမောက်ကြီးမြို့အတွင်း ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေကြပြီး မြို့အဝင်အထွက်များတွင်မူ စစ်ကောင်စီဘက်က အစစ်အဆေးတင်းကျပ်ထားကြောင်း မြို့ခံများက ဆိုသည်။