BREAKING
January 22, 2025

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ် တနင်္သာရီဝန်ကြီးချုပ်ပါဝင်၊ လေယာဉ်ထွက်ပြီးနောက် လေဆိပ်တွင် ပေါက်ကွဲမှုဖြစ်

November 5, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုပါ လိုက်ပါသွားကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်နှင့်အတူ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် စသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်သုံးဦး လိုက်ပါသွားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်နှင့်အဖွဲ့ နေပြည်တော် အေလာလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး လေယာဉ်ထွက်ပြီး နံနက် ၈ နာရီကျော်ကျော်ခန့်တွင် အေလာလေဆိပ်၌ ဗုံးပေါက်ကွဲခဲ့ကြောင်း လေယာဉ်ပြေးလမ်းနှင့် ကားပါကင်ကြား ဗုံးနှစ်ကြိမ်ပေါက်ခဲ့ကြောင်း လေဆိပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ပြည်တွင်း သတင်းများတွင် ရေးသားဖော်ပြခဲ့သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ် တစ်ခုဖြစ်သော People Media ကမူ ဒရုန်းဖြင့်လာရောက် တိုက်ခိုက်ရန် ကြိုးစားမှုကို တားဆီးခဲ့ခြင်းဖြစ်ကြေင်း ရေးသားထားသည်။

ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် နေပြည်တော်၊အေလာ လေတပ်စခန်းကို လာရောက်တိုက်ခိုက်သည့် Fix Win Drone (အသေခံ ဒရုန်း) ၂စင်းကို လေဆိပ်ပြင်ပ ဧရိယာတွင် ပစ်ချနိုင်ခဲ့ဟု ယင်းချန်နယ်တွင် ဖော်ပြသည်။

သို့သော်ဖြစ်စဉ်အသေးစိတ်ကိုမူ Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ အထိလုပ်မည့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးများကို တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်နှင့်အဖွဲ့တွင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးညိုစောနှင့် ပြန်ထောင်စုဝန်ကြီးများလည်း လိုက်ပါသွားကြသည်။