BREAKING
January 10, 2025

အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ပထမဆုံးအကြိမ်လှည့်လည်ပူဇော်ခံမည်ဟုဆို

November 5, 2024

ပုံစာ - ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်။

မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲကို အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လှည့်လည်ပူဇော်ခံမည်ဟု ဆုံးဖြတ်ထားကြောင်း ပွဲစီစဉ်သူများနှင့် နီးစပ်သူများထံမှ သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများကို လာမည့်နိုဝင်ဘာ ၁၀ရက်နေ့တွင် ဦးမြတ်လေးပန်းခြံ၌ အပူဇော်ခံမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထိုနေ့ ညနေ ၄နာရီတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကို အနေကဇာတင်ခြင်းနှင့် ပရိတ်ရွတ်ဖတ်ကာ ဖွင့်ပွဲအခမ်းအနား လုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းနောက် ဦးမြတ်လေးပန်းခြံတွင် ငါးရက်ကြာ အပူဇော်ခံထားရှိပြီး နိုဝင်ဘာလ ၁၅ရက် (တန်ဆောင်မုန်းလပြည့်နေ့) ညနေပိုင်းတွင် မြို့အတွင်းလှည့်လည်အပူဇော်ခံရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

“အစည်းအဝေးမှာကတော့ ညနေ ၃နာရီကနေ ည ၁၀နာရီ ၁၁နာရီနောက်ဆုံးထားပြီး မြို့လှည့်မယ်လို့ ဆုံးဖြတ်ထားကြ တယ်။ လမ်းကြောင်းကတော့ အရင်အတိုင်းပါပဲ” ဟု အဆိုပါ နီးစပ်သူက ပြောဆိုသည်။

ယင်းကဲ့သို့ စီတန်းလှည့်လည်အပူဇော်ခံခြင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

သို့ရာတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပဋိပက္ခအခြအနေများကြောင့် အာဏာမသိမ်းမီအချိန်ကဲ့သို့ မစည်ကားနိုင်ကြောင်း မြို့ခံအချို့က ခန့်မှန်းပြောဆိုကြသည်။

“ခေတ်ကာလက မကောင်းတော့ မြို့ပေါ်ကသူတွေပဲ ရှိတာများမယ်။ အရင်ကဆိုရင် နယ်ဘက်‌တွေကနေ ကားနဲ့လာကြတာ။ အခုက အဲဒီလိုသွားလာဖို့ အဆင်မပြေတော့ဘူးလေ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ဘုရားလှည့်ပွဲတွင် လူငယ်နှင့် သက်လတ်ပိုင်းများကို ဥပဿကာအဖြစ် အဓိကအားထားရလေ့ရှိသည်။

လက်ရှိတွင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များရှောင်တိမ်းသွားကြသည့်အခြေအနေတွင် ဥပဿကာနည်းသွားပြီး ဘုရားပင့်ဆောင်ချိန်နှင့် လှည့်လည်ချိန်တွင် အခက်ကြုံရနိုင်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

မြိတ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ကိုဗစ်ကပ်ဘေးကာလနှင့် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနစ်အထိ ကျင်းပနိုင်ခြင်း မရှိတော့ပေ။

ထို့နောက် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် ဦးမြတ်လေးပန်းခြံအတွင်း၌သာ ထားရှိအပူဇော်ခံပြီးမြို့အတွင်း လှည့်လည်အပူဇော်ခံခြင်းမရှိဘဲ ယခုနှစ်တွင်မှ ပြန်လည်ပြီး လှည့်လည်အပူဇော်ခံခြင်းဖြစ်သည်။