BREAKING
January 10, 2025

ဘန်ကောက်တွင် ဓားထောက်လုယက်မှု စွပ်စွဲချက်ဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ

November 5, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီနယ်မြေရှိ ရေမြောင်းဘေးလမ်းတွင် လေ့ကျင့်ခန်းလုပ်နေသူတစ်ဦးထံမှ ဓားထောက်လုယက်ခဲ့သောဆိုသည့်သံသယဖြင့် မြန်မာနိုင်ငံသားနှစ်ဦး နိုဝင်ဘာလ ၄ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦးသည် အသက် ၂၆ နှစ်နှင့် ၂၇ နှစ်အရွယ်များဖြစ်ကြပြီး ၎င်းတို့ထံတွင် မူးယစ်ဆေးပြား များလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။

ပြီးခဲ့သော‌ အောက်တိုဘာလ ၃၁ ရက် ည ၁၀ နာရီခွဲခန့်က ရေမြောင်းဘေးတွင် အမျိုးသမီးတစ်ဦး လေ့ကျင့်ခန်းလုပ်နေစဉ် အမျိုးသားနှစ်ဦးက ဓားထောက်၍ ငွေတောင်းခံခဲ့ကြောင်း ရေးသားထားသည်။

အမျိုးသမီးဖြစ်သူကလည်း ငွေမပါလာသဖြင့် ပါလာသော iPhone 13 အဖြူရောင်ကို ပေးခဲ့၍ ထွက်ပြေးလာခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့က လုယက်ခံရသည့် နေရာအနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့စဉ် လုယက်သူနှစ်ဦးက အချင်းချင်း မြန်မာစကားပြောဆိုနေကြသည်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့၏ အချက်အလက်များကို အတည်ပြုနိုင်ခဲ့ကြောင်း ဆိုသည်။

လူငယ်အမျိုးသားနှစ်ဦးသည် ဓားကို အရှေ့လွယ်ထားသော အိတ်ထဲ ထည့်ပြီး ရေမြောင်းပေါ်ရှိ လူကူးတံတားပေါ်က လာခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးကို ခြေရာခံ၍ လိုက်လံစစ်ဆေးရာ ဘန်ကောက်မြို့ရှိ လတ်ဖလောင်းနယ်မြေတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့် အတူ မူးယစ်ဆေးပြားများကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦးကလည်း လုယက်မှုကို ဝန်ခံခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။

လုယက်ရရှိခဲ့သော iPhone 13 ကို ဘန်ကပီလိုတပ်ရှိ ဆိုင်တစ်ဆိုင်တွင် ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားကြောင်း ဆိုသည်။

ဖုန်းလက်ခံဝယ်ယူခဲ့သူကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

Ref: Khaosod English, Khaosod Thai