BREAKING
December 30, 2024

လိုင်ဇာအနီး တရုတ်နယ်စပ်မြို့သို့ လက်နက်ကြီးကျည်ကျသဖြင့် တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

November 5, 2023

ပုံစာ - တရုတ်ဘက်ခြမ်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှု မြင်ကွင်း။ Photo - Kachin News Group

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ကပ်လျက် တရုတ်နယ်စပ်မြို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ရက် နံနက် ၁ဝနာရီခန့်တွင် လိုင်ဇာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ တရုတ်နိုင်ငံထဲသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည် လေးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကချင်သတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ခယာဘွမ် (Hkaya Bum) ၊ ဖွန်းပျန်ဘွမ် (Hpun hpyen bum) ၊ ခန်းကိုင် (Hkangkai Bum) နှင့် ဘွမ်ရဲဘွမ် (Bumre bum) စသည့် တောင်ကုန်းပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

KIA က စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီက လိုင်ဇာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်သတင်းအချို့တွင် ဖော်ပြသည်။

တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့ကလည်း ၁၀၂၇ စစ်ဆင်ရေး အောက်တိုဘာလ ၂၇ရက်တွင် စတင်ကာ ရှမ်းမြောက်တွင် လုပ်ဆောင်နေသည်။

စစ်ဆင်ရေး ၈ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၄ ရက် မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ် စခန်းအကြီး၊ အငယ်နှင့် ယာယီတပ်စခန်းများ စုစုပေါင်း တစ်ရာကျော်ကို သိမ်းယူထားကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးတစ်ရက်ထက် တစ်ရက်အရှိန်မြင့်လာပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများလာသဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူများကို တိုးမြှင့်လုပ်ဆောင်လာကြောင်းလည်း မြောက်ပိုင်း မဟာမိတ်တို့က ထုတ်ပြန်ထားသည်။