BREAKING
October 16, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

October 5, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်အထိ

လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ ပြည်သူတွေစိုးရိမ်

စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့ရွာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး အောက်တိုဘာလ ၁ရက်ကနေ သန်းခေါင်စာရင်း စတင်ကောက်ယူနေပါတယ်။

ရွေးကောက်ပွဲအတွက် မဲစာရင်းရဖို့ သန်းခေါင်စာရင်းကောက်ယူတယ်ဆိုပေမယ့် နဂိုကတည်းက လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ ပြည်သူတွေဟာ သန်းခေါင်စာရင်းအချက်အလက်တွေကို တလွဲအသုံးချပြီး ဖိနှိပ်တာတွေ လုပ်ဆောင် လာမှာကို စိုးရိမ်နေကြတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

သန်းခေါင်စာရင်း အချက်အလက်တွေအရ လူငယ်တွေရဲ့ စာရင်းရပြီး စစ်မှုထမ်းခေါ်ယူမှာ၊ အလုပ်အကိုင်တွေ နောက်ကြောင်းရာဇဝင်တွေအကြောင်း အသေးစိတ်မေးမြန်းတာတွေကြောင့် CDM တွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေ နောက်ကြောင်းသိသွားမှာ၊ တော်လှန်ရေးအဖွဲ့တွေထဲရောက်နေတဲ့ မိသားစုဝင်တွေ အကြောင်းတွေကို စစ်ဆေးဖော်ထုတ်လာမှာ စိုးရိမ်ကြနေကြတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေကတော့ သန်းခေါင်စာရင်းဟာ ပြည်သူတွေကို ဖိနှိပ်ရာမှာ အသုံးပြုလာနိုင်အတွက် သန်းခေါင်စာရင်း ကောက်ယူတာမှာ မပါဝင်ကြဖို့၊ အချက်အလက်အမှားတွေ ဖြေကြဖို့ပြောဆိုထားသလို စစ်ကောင်စီ အာဏာမြဲဖို့အတွက် ဟန်ပြလုပ်မယ့် ရွေးကောက်ပွဲမှာလည်း မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၄ မှာ သန်းခေါင်စာရင်းကောက်ယူချိန်က မေးခွန်း ၄၀ ကျော် မေးမြန်းကောက်ယူခဲ့ပေမယ့် အခုတော့ မေးခွန်း ၇၀ နီးပါး အထိ တိုးမြှင့်ကောက်ယူသွားမှာဖြစ်ပါတယ်။ စာရင်းကောက်ကွက် တစ်သိန်းကျော်သတ်မှတ်ပြီး ဝန်ထမ်း ၄၂၀၀၀ ကျော်နဲ့ အောက်တိုဘာလ ၁ရက်ကနေ ၁၅ ရက်အထိ ကောက်ယူမှာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူဖို့ ၂၀၁၄ မှာ ကူညီပေးခဲ့တဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ကတော့ ဒီတစ်ကြိမ်မှာ အကူအညီ မပေးတော့ပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာခရီးစဉ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် အကူအညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

……………………………………..

ချီဖွေနဲ့ ဆော့လော်မြို့ကို KIA သိမ်းယူ

ချီဖွေနဲ့ ဆော့လော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းယူလိုက်ပါတယ်။ ဒါ့ကြောင် ကချင်မှာ KIA သိမ်းယူထားတဲ့မြို့ ၁၀ မြို့အထိ ရှိလာပြီဖြစ်ပါတယ်။

ချီဖွေမြို့ကို အောက်တိုဘာလ ၁ရက်မှာ သိမ်းယူပြီး ဆော့လော်မြို့ကို အောက်တိုဘာလ ၂ရက်မှာ သိမ်းယူနိုင်ခဲ့တာလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတွေကို အတည်ပြုထားပါတယ်။ ဒီမြို့တွေကို စတင်တိုက်ခိုက်ပြီး လေးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

ချီဖွေ၊ ဆော့လော်မြို့တွေဟာ ကချင်အထူးဒေသ (၁) နယ်မြေဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်မြေဖြစ်ပါတယ်။ အဲဒီမြို့တွေမှာ ရေအားလျှပ်စစ်မံကိန်းနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေရှိပါတယ်။

……………………………………..

စစ်ဘေးရှောင် ခြောက်သန်းခွဲကျော်ရှိလာတယ်လို့ ISP ထုတ်ပြန်

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ခြောက်သန်းခွဲကျော်အထိ ရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ထုတ်ပြန်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ကြားမှာ ထိတွေ့တိုက်ပွဲပေါင်း တစ်သောင်းခုနစ်ထောင် ကျော် ဖြစ်ပွားခဲ့ပြီး မြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ အပါအဝင် မြို့ အနည်းဆုံး ၇၄ မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ မရှုမလှ ရှုံးနိမ့် ဆုတ်ခွာမှုတွေ ကြုံတွေ့ရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာလေ့လာသူအများစုက အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။

……………………………………..

နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက် စစ်ကောင်စီ လားရှိုးကို ဆက်တိုက်ဗုံးကြဲ

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက် တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

နိုင်ငံဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၂၇ရက်၊ ၂၈ ရက်၊ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်၊ ၂ ရက်တွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သားနှစ်ဦး သေဆုံး ပြီး ၁၄ဦးဒဏ်ရာရတဲ့အပြင် ရှေးဟောင်းသမိုင်းဝင် ကွမ်ရင်ဘုရားကျောင်းနဲ့ တခြားအဆောက်အအုံတွေ ထိခိုက်ပျက်စီး တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။

လားရှိုး၊ လောက်ကိုင်၊ သိန္နီအပါအဝင် အထူးဒေသ (၁) ကို ဇူလိုင်လကနေ စက်တင်ဘာလအထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးရေ တစ်ရာကျော်ကြဲချတာကြောင့် အရပ်သား  ၃၀ ကျော် သေဆုံးပြီး ၉၀ ကျော်ဒဏ်ရာရတယ် လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက်မှာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်က သီပေါမြို့နယ်တွေ မှာလည်း လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိနေပါတယ်။

……………………………………..

မြန်မာကို ဂျပန်သံအမတ်သစ် မစေလွှတ်တော့

မြန်မာနိုင်ငံကနေ တာဝန်ပြီးဆုံးလို့ ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့ သံအမတ်နေရာမှာ နောက်ထပ် သံမတ်အသစ် ခန့်အပ်တော့မှာ မဟုတ်ဘူးလို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၁၈ ကနေ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Ichiro Maruyama ဟာ စက်တင်ဘာလ လကုန်ပိုင်းမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီ​ဖြစ်ပါတယ်။

သံအမတ်သစ်စေလွှတ်ရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို ထောက်ခံရာ ရောက်မှာကို ဂျပန်အစိုးရက စိုးရိမ်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

ဒါဟာ သံတမန်အဆင့်အတင်းကို လျှော့ချလိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သံရုံးအကြီးအကဲတစ်ဦးဖြစ်တဲ့ Shogo Yoshitake က တာဝန်ယူမယ်လို့ ဆိုပါတယ်။

……………………………………..

မြို့နယ်အချို့မှာ ရေကြီးတာတွေ ဆက်ကြုံရ

ယခုသီတင်းပတ်အတွင်း ရှမ်းပြည်နယ် တာချီလိတ်၊ ကလောမြို့၊ မန္တလေးတိုင်း မြစ်သားနဲ့ ပဲခူးတိုင်း တောင်ငူမြို့တွေမှာ ရေကြီးရေလျှံတာတွေ ဆက်လက်ဖြစ်ပွားပါတယ်။

တောင်ငူမြို့မှာ အောက်တိုဘာလ ၁ရက်ကနေ ရေပြန်ကြီးလာပြီး အောက်တိုဘာလ ၄ရက်မှာတော့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မ ကျော်လွန်ရောက်ရှိနေပါတယ်။

တာချီလိတ်မှာလည်း မယ်ဆိုင်ချောင်းရေမြင့်တက်တာကြောင့် ရေကြီးရေလျှံတာတွေ ကြုံနေရပါတယ်။ ကလောမြို့မှာ ဆိုရင်လည်း အောက်တိုဘာလ ၁ရက်က မိုးသည်းထန်စွာ ရွာသွန်းလို့ ရေဘေးဒဏ် ထပ်မံကြုံတွေ့ နေရပါတယ်။ မြစ်သား မြို့နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေချိန် ဆည်ရေလွှတ်လို့ ရေကြီးမှုဒဏ်ကို ပိုမိုခံစားနေကြရပါတယ်။

မြဝတီမှာလည်း သောင်းရင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် သုံးပေကျော်လာလို့ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ မိုးဇလက အောက်တိုဘာလ ၄ရက်နေ့မှာ သတိပေးချက်ထုတ်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်မှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တာ ကြောင့် ရေကြီးရေလျှံတာတွေ သတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ယာဂိမုန်တိုင်းအရှိန်ကြောင့် ရေကြီးပြီး လူတစ်သန်းနီးပါး ရေဘေးဒဏ်ခံရသလို လူ လေးရာထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။ သီတင်းပတ်နဲ့ချီကြာပြီး ရေပြန်မကျသေးတဲ့နေရာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

……………………………………..