BREAKING
October 18, 2024

ရွှေကုက္ကိုနဲ့ တရုတ်သူလျှို

October 5, 2024

အာရှတိုက်ရဲ့ လျှို့ဝှက်အသိရအခက်ဆုံးနေရာတွေထဲကတစ်ခုဟာ စစ်မီးတောက်လောင်နေတဲ့ မြန်မာပြည်တစ်နေရာမှာ နီယွန်မီးရောင်တွေနဲ့ လင်းထိန်နေလေရဲ့။

ဒုစရိုက်မြို့သစ် မွေးဖွားခြင်း

မြဝတီမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ လယ်ကွင်းတွေကြားမှာ စပါးပင်တွေအစား အထပ်မြင့်တိုက်တွေ ပေါက်လာတယ်။ မှောင်မည်းတိတ်ဆိတ်နေတဲ့ ရွာလမ်းကလေးတွေဟာ နီယွန်မီးရောင် လင်းထိန်နေတဲ့ မြို့ပြလမ်းမ ဖြစ်လာတယ်။ ၂၀၁၇ မတိုင်ခင်အထိ သောင်ရင်းမြစ်ကမ်းဘေးမှာ အိပ်မောကျနေခဲ့တဲ့ ရွာလေးဟာ မယုံနိုင်စရာ မြို့တစ်မြို့ဖြစ်လာခဲ့တယ်။

ဒုစရိုက်မှုတွေ မင်းမူနေတဲ့ မြို့။

‘ရွှေကုက္ကို’ ။

ဒီနေရာဟာ ‘မြန်မာပြည်ရဲ့ မကာအို’ ၊ ‘လပ်စ်ဗီးဂတ်စ်ရဲ့ မြန်မာဗားရှင်း’လို့ အချို့က တင်စားကြတယ်။ ဒီနေရာဟာ ဘယ်လိုနေရာမျိုးလဲ။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ဒီလို ရှင်းပြပါတယ်။

“မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အကျဉ်းထောင်လို ဒီတသီးတခြားနေရာတွေမှာ အလုပ်လုပ်ဖို့ လူတွေ လှည့်ဖြားစုဆောင်းခံနေရတယ်။ အလုပ်လျှောက်လိုက်တဲ့ လူတွေက သူတို့ အလုပ်လျှောက်နေတာ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ ဥပဒေနဲ့ ညီညွတ်တဲ့ အလုပ်တွေလို့ ထင်ကြတယ်။ သူတို့ခမျာ လူကုန်ကူးခံလိုက်ရပြီဆိုတာ နောက်ကျမှ သိသွားကြတယ်”

ရွှေကုက္ကိုမြို့သစ်ထဲမှာ တွေ့ရတဲ့ ဆိုင်းဘုတ်စာသားကြီးက Jason Tower ရဲ့ စကားကို တိတ်တဆိတ် ထောက်ခံနေလေရဲ့…။

“သာယာပျော်ရွှင်မှုရှိသောမြို့ကို အတူတကွတည်ဆောက်ကာ လူရောင်းဝယ်မှုကို ပြတ်သားစွာ ရှံ့ချတားမြစ်သည်”

ဒီနေရာဟာ ကမ္ဘာ့အနှံ့က လူတွေဆီကနေ မသမာအမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရှင်သန်မင်းမူနေတဲ့ မြို့။ လူကုန်ကူးမှု ၊ ညှင်းပန်းနှိပ်စက်မှု ၊ အဓမ္မလုပ်အားစေခိုင်းမှုတွေနဲ့ ခေတ်သစ်ကျွန်စနစ် ထွန်းကားတဲ့ နေရာ။ နီယွန်မီးရောင်များရဲ့ တောက်ဝင်းလက်ပမှုတွေက ဒီမြို့ရဲ့ အမှောင်ကမ္ဘာထဲက အဖြစ်မှန်အရှိတရားကို မဖုံးကွယ်နိုင်။

ဒုစရိုက်မှုတွေ တင်းကြမ်းပြည့်နေတဲ့ ပင့်ကူအိမ်တစ်ခုဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဘယ်လိုပေါ်ပေါက်လာခဲ့ပါသလဲ။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ…။

မကာအိုစတိုင် လောင်းကစားမြို့တော်

ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်ခြားစောင့်တပ်နဲ့ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holdings Group) တို့ဟာ ၂၀၁၇ ခုနှစ်ရဲ့ ချစ်သူများနေ့မှာ ပူးပေါင်းလိုက်ပါတယ်။ ‘မြန်မာ-ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု’(Myanmar-Yatai International Holdings Group)ဆိုတဲ့ နာမည်နဲ့ NLD အစိုးရလက်ထက်မှာ မှတ်ပုံတင်လိုက်တယ်။ ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတဲ့ တရုတ်လူမျိုး ရွှဲကျိကျန်း(She Zhijiang) ဆိုသူက ရထိုက်ကုမ္ပဏီကို ဦးစီးပါတယ်။

ဒါဟာ ရွှေကုက္ကိုမြို့သစ်ပေါ်လာဖို့ အစပါပဲ။ ဧက ၂၀၀၀၀ ကျော်တဲ့ မြေပေါ်မှာ နှစ် ၅၀ မြေငှားရမ်းပြီး ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ကို အဲဒီနှစ်မှာပဲ နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

၂၀၂၇ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ ရွှဲကျိကျန်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ငွေကြေးပမာဏအများဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

BGF အမည်ပြောင်း KNA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တည်ရှိတဲ့ ဒီမြို့သစ်စီမံကိန်းဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ကုန်ကျနိုင်မယ်လို့ တွက်ချက်ထားတယ်။ အပန်းဖြေနေရာတွေ၊ လောင်းကစားရုံတွေ၊ ဈေးဝယ်စင်တာတွေ၊ နိုင်ငံတကာအဆင့်မီလေဆိပ်၊ စက်မှုဇုန်တည်ဆောက်‌ရေး၊ နိုင်ငံတကာဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစင်တာအထိ ပါဝင်တယ်။

ခရီးသွားတွေကို အဓိကဆွဲဆောင်မယ့် မကာအိုစတိုင်ကာစီနိုလောင်းကစားမြို့တော် စီမံကိန်းကြီးဖြစ်ပါတယ်။

အငြင်းပွားစရာ စီမံကိန်း

တာစထွက်ချိန်ကတည်းက အငြင်းပွားစရာတွေ ရှိနေတဲ့ ဒီစီမံကိန်းဟာ စည်းမျဉ်းစည်းကမ်းမလိုက်နာမှု ၊ ဥပဒေကို လက်တလုံးခြား လှည့်ပတ်မှုတွေကြောင့် အနံ့ဆိုးထွက်လာတယ်။ NLD အစိုးရလက်ထက် ၂၀၁၉ ဇွန်လမှာ ဒီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေးခုံရုံးတစ်ခု ဖွဲ့ရတဲ့အထိပါပဲ။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ တရုတ်အစိုးရ ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ကုမ္ပဏီရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ဖော်ပြထားတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’နဲ့ မသက်ဆိုင်ကြောင်းကို BRI စီမံကိန်းနဲ့ မသက်ဆိုင်ကြောင်းကို ရန်ကုန်မြို့ ၊ တရုတ်သံရုံးက ကြေညာချက်ထုတ် ရှင်းလင်းခဲ့ရပါတယ်။

ရထိုက်ကုမ္ပဏီကိုယ်တိုင်က သူတို့ဟာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုအားနည်းတယ်ဆိုတာကို ၂၀၁၉ ဧပြီလမှာ ကြေညာချက်ထုတ်ပြန်ပြီး ဝန်ခံခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ်လမှာ ရွှေကုက္ကိုမြို့သစ်စီမံကိန်းထဲ လောင်းကစားရုံတွေ ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီနောက်မှာ တရုတ်လူမျိုး အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေနဲ့ မကျေနပ်မှုတွေ တင်းမာလာခဲ့တယ်။ မြဝတီမြို့မှာ တရုတ်လုပ်သားတွေက လိုင်စင်မဲ့မော်တော်ကားတွေ မောင်းနှင်ပြီး ယဉ်တိုက်မှုခဏခဏ ဖြစ်ပွားလေ့ရှိသလို ခိုက်ရန်ဖြစ်ပွားမှု၊ ဓားထိုးမှုကျူးလွန်တာတွေကြောင့်လည်း တရုတ်နိုင်ငံသားတွေအပေါ် အရေးယူပေးဖို့ ဒေသခံတွေက လှုံ့ဆော်တဲ့ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့တယ်။

မကာအိုမှသည် Scam City သို့

နာမည်ဆိုးထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ဟာ ကိုဗစ်ကာလနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဖြတ်သန်းပြီးချိန်မှာတော့ ရာဇဝတ်မှုတွေ တင်းကြမ်းဖြစ်ပွားရာမြို့ (Scam City) အဖြစ် ပြောင်းလဲသွားခဲ့တယ်။

ရွှေကုက္ကိုမှာ လည်ပတ်လျက်ရှိတဲ့ ကာစီနိုရုံတွေနဲ့ လောင်ကစားရုံလုပ်ငန်းတွေဟာ ကိုဗစ်ကာလမှာ ရပ်တန့်သွားခဲ့တယ်။ ကိုဗစ်အလွန်ကာလမှာတော့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းဧရိယာဟာ အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်တဲ့ (ကျားဖြန့်)လုပ်ငန်းတွေ အခြေစိုက်ရာ ဒုစရိုက်ပင့်ကူအိမ်အသစ်တစ်ခုဆီ အသွင်ပြောင်းသွားခဲ့တယ်။

မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေရင်း ကျားဖြန့်လုပ်ငန်းနဲ့ ကာစီနိုရုံတွေမှာ အလုပ်ခွင်ထဲ ညှင်းပန်းနှိပ်စက်ခံရမှု၊ လူကုန်ကူးမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရဲ့ ပုပ်အဲ့အဲ့အနံ့ဆိုး ထွက်လာတယ်။

ပြည်တွင်းစစ်မီးဒဏ်ကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကလည်း ရွှေကုက္ကိုမြို့ထဲ ရောက်လာကြတယ်။ မြို့လူဦးရေက အချိန်တိုအတွင်း ဖောင်းကားလာတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ အရှေ့တောင်အာရှဒေသရဲ့ ပွင့်လင်းမြင်သာမှုအားနည်းပြီး ဗဟိုအစိုးရအုပ်ချုပ်ရေးအားနည်းတဲ့ လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။

ရွှေကုက္ကိုမြို့သစ်ကို တည်ဆောက်ခဲ့တဲ့ ရွှဲကျိကျန်ရဲ့ စီးပွားရေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ ဒုစရိုက်လုပ်ငန်းတွေနဲ့ မလွတ်ကင်းခဲ့တာကို တွေ့ရပါတယ်။ မကြာသေးခင်ကပဲ သူဟာ တရုတ်အစိုးရရဲ့ သူလျှိုဟောင်းတစ်ဦးဖြစ်တယ်ဆိုတာကို ထိုင်းအကျဉ်းထောင်ထဲကနေ ကမ္ဘာသိဖွင့်ဟလိုက်ပါတယ်။

ပဟေဠိလူသား

“ကျွန်တော့်ကိုသာ တရုတ်ပြည် ပြန်ပို့လိုက်ရင် သူတို့ ကျွန်တော့်ကို သေချာပေါက်သတ်ပစ်လိမ့်မယ်”

သူ့နာမည်က ရွှဲကျိကျန်(She Zhijiang)။ ဒီနာမည်အပြင် သူ့မှာ နောက်ထပ်နာမည်သုံးလုံးထက်မနည်း ရှိသေးတယ်။ သူ့ကို တရုတ်အစိုးရက အလိုရှိနေတယ်။ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေလုပ်ကိုင်မှုကြောင့် ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတယ်။ သူဟာ လက်ရှိထိုင်းနိုင်ငံမှာ အကျဉ်းကျနေတယ်။ ဒီရက်ပိုင်းအတွင်း ထွက်ရှိလာတဲ့ Al Jazeera သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ သူက အခုလို ပြောတယ်။

“သူတို့ ကျွန်တော့်ကို ဥပဒေနဲ့ မညီဘဲ ဖမ်းဆီးခဲ့တယ်။ ဥပဒေနဲ့ မညီဘဲ ကျွန်တော့်ကို ဒီထောင်ထဲမှာ ထိန်းသိမ်းထားတယ်။ အာမခံရဖို့ အခွင့်အရေး ကျွန်တော့်မှာ မရဘူး။ အမှန်တော့ သူတို့က ကျွန်တော့်ရဲ့ အခြေအနေကို ကမ္ဘာက မသိအောင် တားဆီးဖို့ ကြိုးစားနေတာပဲ။ ဒါမှ ကျွန်တော့်ကို တရုတ်ပြည်မကို အတင်းအဓမ္မလျှို့ဝှက်ပြန်ပို့လို့ ရမှာလေ”

ဒါတွေကို ပြန်ပြောပြရင်းနဲ့ သူဟာ တချိန်တုန်းက တရုတ်အစိုးရရဲ့ သူလျှိုတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ အံ့အားသင့်စရာ ဖွင့်ဟပါတယ်။ သူ အခုလို အပြစ်ပေးခံနေရတာဟာ တရုတ်အစိုးရနဲ့ BRI စီမံကိန်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက် အများအပြားကို သူ သိထားတာကြောင့် သူ့ကို တရုတ်အစိုးရက ပစ်မှတ်ထားနေတာလို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ ကိုလိုနီတစ်ခု လိုချင်နေတယ်ဆိုတဲ့ အကြောင်း ရွှဲကျိကျန်က အခုလို ပြောပါတယ်။

“တရုတ်အစိုးရ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနထဲ ဝင်ရောက်ပြီးတဲ့နောက် ကျွန်တော်အကြီးအကျယ်နောင်တရခဲ့တယ်။ တရုတ်အစိုးရက ကိုလိုနီတစ်ခု လိုချင်တယ်။ ကျွန်တော်လား။ ကျွန်တော်က စီးပွားရေးသမားပဲ ဖြစ်ချင်တာလေ”

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရွှဲကျိကျန်ရဲ့ ငယ်ဘဝဟာ ဆင်းရဲနွမ်းပါးခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ သူ ကျောင်းထွက်ခဲ့ရတယ်။ အလုပ်မျိုးစုံကို စမ်းသပ်လုပ်ရင်းနဲ့ သူဟာ အွန်လိုင်းလောင်းကစားလောကထဲ ခြေချမိပြီး တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူ ဝရမ်းပြေးဘဝရောက်နေတဲ့အချိန် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ လူစိမ်းတစ်ယောက်က သူ့ဖမ်းဝရမ်းစာရွက်ကို ယူလာပြီး သူ့ကို ကမ်းလှမ်းပါတယ်။ တရုတ်အစိုးရအတွက် သူလျှိုအဖြစ် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့တာလို့ ရွှဲကျိကျန်က ဆိုပါတယ်။ အပြန်အလှန်အနေနဲ့ သူ့ကို ဝရမ်းပြေးဘဝကနေ လွတ်အောင် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက လုပ်ပေးမယ်လို့ ကမ်းလှမ်းခံခဲ့တာလို့ သိရပါတယ်။

အဲဒီကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီးနောက်မှာ ရွှဲကျိကျန်ဟာ ဂုဏ်သရေရှိ လူကြီးလူကောင်းစီးပွားရေးသမား တစ်ယောက်အဖြစ် ပုံဖော်နေရာပေးခြင်း ခံလာရပါတယ်။ သူ ဘယ်လိုမျိုး ဒိတ်ဒိတ်ကြဲအောင်မြင်ကြီးပွားလာခဲ့သလဲဆိုတာကို ယခင်ကတည်းက မေးခွန်းထုတ်နေသူတွေ ရှိပါတယ်။ သူ့ကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေသူက သူ့ကို မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားကို ခေါ်သွားခဲ့ပါတယ်။ ကရင်ပြည်နယ်ကိုလည်း ခေါ်သွားခဲ့တယ်လို့ ရွှဲကျိကျန်က ပြောပါတယ်။

နောက်ပိုင်းတဖြည်းဖြည်းနဲ့ သူဟာ တရုတ်အစိုးရ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့ လက်သပ်မွေးခြင်း ခံလိုက်ရပါတယ်။ ‘အရှင်မွေးတော့ နေ့ချင်းကြီး’ဆိုသလို အွန်လိုင်းလောင်းကစားမှု ဝရမ်းပြေးဘဝကနေ နိုင်ငံကျော် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့တယ်။ နိုင်ငံရေးနွှယ်တဲ့ တရုတ်ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက သူ့ရဲ့ ရထိုက်ကုမ္ပဏီနဲ့ လက်တွဲအလုပ်လုပ်ဖို့ တန်းစီလာကြတယ်။

၂၀၁၇ ခုနှစ်မှာ သူနဲ့ ဗိုလ်မှူးကြီးစောချစ်သူ လက်တွဲမိရာကနေ ထိုင်း-မြန်မာနယ်စပ်က အိပ်မောကျနေတဲ့ ရွာငယ်လေးတစ်ရွာဟာ နီယွန်မီးရောင်တွေ လင်းထိန်နေတဲ့ ဒုစရိုက်မြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ သူဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဂျပန်စားသောက်ဆိုင်တစ်ဆိုင်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ရွှဲကျိကျန်းကို တရုတ်အစိုးရကပဲ အလိုရှိနေတာ မဟုတ်ဘဲ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ကပါအနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ရွှေကုက္ကိုစီမံကိန်း အကောင်အထည်မဖော်မီကတည်းက ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံတို့မှာ သူ့ကို တရားမဝင်လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးလိမ်လည်မှုတွေကြောင့် နာမည်ပျက်စာရင်း သွင်းထားပါတယ်။

“ သူတို့ ကျွန်တော့်ကို ဘာကြောင့်ဖမ်းခဲ့ကြတာလဲ။ ဘာကြောင့် ကျွန်တော့်ကို အစဖျောက်ဖို့ ကြိုးစားနေကြတာလဲ”

ရွှေကုက္ကိုကို တည်ဆောက်ခဲ့တဲ့ ရွှဲကျိကျန်းဟာ တရုတ်အစိုးရရဲ့ အစွန့်ပစ်ခံ သူလျှိုဟောင်းလား။ ဒုစရိုက်ဂိုဏ်းနောက်ကွယ်က ဉာဏ်ကြီးရှင်လား။ သူ တည်ဆောက်ခဲ့တဲ့ ရွှေကုက္ကိုမြို့ကို သူ ပြန်လာနိုင်ပါတော့မလား။

သူ အဖမ်းခံရတာ ၂ နှစ်ပြည့်ချိန်မှာတော့ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်ပြီး ရွှေကုက္ကိုမှာ သူ့အတွက် ဆုတောင်းပွဲလေး လုပ်ပေးခဲ့ပါတယ်။

အကျဉ်းကျပြီးကတည်းက ပထမဆုံး သီးသန့်အင်တာဗျူးမှာ ရွှဲကျိကျန်းရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး Jason Tower ကတော့ အခုလို မှတ်ချက်ပေးပါတယ်။

“ဒီလို မတူညီတဲ့ ပြောဆိုချက်တွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ယုံကြည်သင့်မှာလဲ။ သူတို့က လိမ်တဲ့နေရာမှာ ဇောက်ချလုပ်နေတဲ့ အဖွဲ့တွေလေ”

Ref: Al Jazeera, Nikkei Asia, ISP-Myanmar

ဈာန်ဟိန်း