BREAKING
January 11, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

October 5, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာ ၂၈ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ

ဟစ်ဘိုလာ ခေါင်းဆောင် သေဆုံး

အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်စ်စန် နက်ရယ်လယ် (Hassan Nasrallah) သေဆုံးခဲ့တယ်လို့ ဟစ်ဘိုလာအဖွဲ့က အတည်ပြုပါတယ်။

ခေါင်းဆောင် သေဆုံးသွားပေမဲ့ စစ်ပွဲတွေ ဆက်လက်ဆင်နွှဲသွားမှာဖြစ်သလို ပါလက်စတိုင်းကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဟစ်ဘိုလာဘက်က ထုတ်ပြန်ထားတာပါ။

အီရန်ဒုသမ္မတ ဂျာဗတ် ဇာရစ် (Javad Zarif) ကတော့ ဟစ်ဘိုလာခေါင်းဆောင် သေဆုံးမှုအတွက် ဝမ်းနည်းစကား ပြောကြာထားပါတယ်။

ဟစ်ဘိုလာ ဌာနချုပ်ရှိတဲ့ ဘေရူတ်မြို့ပေါ် စက်တင်ဘာလ ၂၇ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုထဲ ဟစ်ဘိုလာခေါင်းဆောင် သေဆုံးသွားတယ်လို့ အစ္စရေးဘက်ကလည်း အတည်ပြုထားပါတယ်။

ဟစ်ဘိုလာအဖွဲ့ ဌာနချုပ်မှာ ထိပ်တန်းခေါင်းဆောင်တွေ ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်း အတိအကျရတဲ့အတွက် အစ္စရေး စစ်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: New Yok Times

………………………………..

ဂျပန်လေယာဉ်ကွင်းတွင် စစ်လက်ကျန်ဗုံး ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ် ၈၀ ကျော် ဖျက်သိမ်းခဲ့ရ

ဂျပန်နိုင်ငံတောင်ပိုင်းက လေယာဉ်ကွင်းမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲတာကြောင့် လေယာဉ်ခရီးစဉ် ၈၀ ကျော် ဖျက်သိမ်းခဲ့ရပါတယ်။

ကျူရှူးကျွန်းက မျဇာကီမြို့ လေယာဉ်ကွင်းပြေးလမ်းနားမှာ ဒုတိယကမ္ဘာစစ်တုန်းက လက်ကျန်ဗုံးတစ်လုံး အောက်တိုဘာလ ၂ ရက်နေ့က ပေါက်ကွဲခဲ့လို့ လေဆိပ်ကို ယာယီပိတ်ခဲ့ရတာပါ။

ပေါက်ကွဲမှုကြောင့် ပြေးလမ်းဘေး ပျက်စီးခဲ့လို့ လေယာဉ်ခရီးစဉ်ပေါင်း ၈၀ ကျော်ကို ဖျက်သိမ်းလိုက်ရတယ်လို့ ဂျပန်အစိုးရက ကြေညာပါတယ်။

ပေါက်ကွဲခဲ့တဲ့ဗုံးက ဒုတိယကမ္ဘာစစ်တုန်းထဲက အမေရိကန်ကြဲခဲ့ပြီး မြေအောက်မှာ ကျန်ခဲ့တဲ့ဗုံးဖြစ်ဖို့များတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ မရှိပါဘူး။

Ref: CNN

………………………………..

နီပေါတွင် ရေကြီးမြေပြိုမှုကြောင့် အနည်းဆုံး လူ ၂၀၀ ကျော်သေဆုံး

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်နား ရေကြီးပြီး ဘတ်စ်ကားနဲ့ တခြားမော်တော်ယာဉ်တွေ မြေထဲနစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၀၀ ကျော်အထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံထဲမှာ မုတ်သုန်ကာလ ၃ ရက်ဆက်တိုက် မိုးရွာခဲ့ပြီးတဲ့နောက် ရေကြီး ရေလျှံပြီး မြေပြိုခဲ့တာပါ။

မြေပြိုတာကြောင့် မြို့တော်အပြင်ဘက် အဝေးပြေးလမ်းမကြီး ၃ လမ်း ပိတ်ဆို့သွားခဲ့ပြီး မြို့တော်ရဲ့ နေရာတစ်ချို့လည်း ရေအောက် ဖုံးသွားခဲ့ပါတယ်။

မြေပြိုတဲ့နေရာမှာ ခတ္တမန္ဒူဘက်ကိုဦးတည်သွားတဲ့ ဘတ်စ်ကား နှစ်စီးထဲက ရုပ်အလောင်းတွေ၊ တခြားမော်တော်ယာဉ်တွေထဲက သေဆုံးသူ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂၀၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရာပေါင်းများစွာနဲ့ ပျောက်ဆုံးနေသူက ၃၀ ကျော်ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်း တောတောင်ထူထပ်တဲ့ နေရာတွေမှာ သေဆုံးသူဦးရေ ပိုတိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Ref: The Guardian

………………………………..

ဒိန်းမတ်တွင် အစ္စရေးသံရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

ဒိန်းမတ်နိုင်ငံက အစ္စရေးသံရုံးအနီး အောက်တိုဘာလ ၂ ရက်နေ့က ပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့ပါတယ်။

ကိုပေဟေဂင်မြို့တော်မြောက်ဘက် မြို့ပြင်ဖက်မှာရှိတဲ့ အစ္စရေးသံရုံးအနီး ညဘက် ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အနီးမှာရှိတဲ့ ဂျူးစာသင်ကျောင်းကိုတော့ ယာယီပိတ်စေခဲ့ပါတယ်။

ပေါက်ကွဲရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့ နေရာအနီးမှာ ရှိနေတဲ့ အစ္စရေးသံရုံးနဲ့ ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းနေဆဲပါ။

ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးတဲ့နောက် အစ္စရေးသံရုံးအနီးက လမ်းတွေကို ပိတ်ထားပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေက စောင့်ကြပ်ပေးခဲ့ပါတယ်။

ဒိန်းမတ်ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အမြန်ဆုံး ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: Euro News

………………………………..

အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၂၀၀ ခန့်ရှိလာ

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဖက်ကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Helene ကြောင့် သေဆုံးသူ ၂၁၅ ဦးအထိ ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း Helene ဟာ ဖလော်ရီဒါပြည်နယ်ကို ပြီးခဲ့တဲ့ အပတ်က စတင်ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။

လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ နှုန်းနဲ့ ဝင်ရောက်ခဲ့ပြီး ဂျော်ဂျီယာ၊ တောင်နဲ့မြောက်ကယ်ရိုလိုင်းနား၊ တန်းနက်စ်ပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းနဲ့အတူ မိုးသည်းထန်ရွာသွန်းမှုတွေကြောင့် နောက်ဆက်တွဲ ရေဘေးနဲ့လည်း ရင်ဆိုင်ခဲ့ကြရပါတယ်။

ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ လမ်းတွေ၊ တံတားတွေပျက်စီးပြီး အဆက်အသွယ်တွေ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: NBC News

………………………………..

စင်္ကာပူဝန်ကြီးဟောင်းတစ်ဦး လာဘ်စားမှုဖြင့် ထောင် ၁ နှစ်ကျ

စင်္ကာပူနိုင်ငံမှာ အစိုးရဝန်ကြီးဟောင်းတစ်ဦးကို ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိတဲ့ လက်ဆောင်တွေ လက်ခံခဲ့မှု၊ တရားစီရင်ရေးကို အနှောက်အယှက်ပြုမှုတို့နဲ့ ထောင်ဒဏ်တစ်နှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

လာဘ်စားမှုကင်းတဲ့ နိုင်ငံလို့ ထင်ရှားတဲ့ စင်္ကာပူမှာ အခုလို အစိုးရအဖွဲ့ ဝန်ကြီးဟောင်းတစ်ဦး ပြစ်ဒဏ်ချခံရတာ ပထမဆုံးအကြိမ် ဖြစ်နေတာပါ။

ဝန်ကြီးဟောင်းဖြစ်တဲ့ အစ်ဝါရန်က သယ်ယူပို့ဆောင်ရေးဌာန ဝန်ကြီးအစိုးရအဖွဲ့ထဲမှာ ၁၃ နှစ်ကြာ လုပ်ခဲ့သူဖြစ်ပါတယ်။

သူကိုယ်တိုင်က လာဘ်စားမှု အမှု ၄ မှု၊ တရားစီရင်ရေးကို နှောက်ယှက်တဲ့ အမှု ၁ မှု နဲ့ သူ့မှာ အပြစ်ရှိတယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်က ဝန်ခံထားတာဖြစ်ပါတယ်။

အမှုကကြီးလေးပြီး အများပြည်သူ ယုံကြည်မှု ပျက်ပြားအောင် လုပ်ခဲ့တာတွေကို ကြည့်ရင် ထောင်ဒဏ် ၆ လလောက်နဲ့ မလုံလောက်လို့ ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့တယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..

ယူကရိန်းကို ဆက်ကူညီသွားမည်ဟု NATO အကြီးအကဲ ကတိပေး

NATO အတွင်းရေးမှူးချုပ်အသစ် မာက့်ရုတ် က ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ အောက်တိုဘာလ ၃ ရက်နေ့က သမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်အသစ်က ယူကရိန်းမြို့တော် ကိဗက်မြို့ကို လာရောက်ခဲ့တာပါ။

ယူကရိန်းမြို့တော်ကို လာရောက်တာက ယူကရိန်းနဲ့ပတ်သက်တဲ့ NATO ရဲ့ရပ်တည်ချက်ကို ပြည်သူတွေ အားလုံးသိရှိဖို့အတွက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းအနေနဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်ဆိုတာကို NATO ဘက်ကလည်း သိတယ်လို့ ဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတကလည်း NATO မဟာမိတ်အနေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးဖို့ တောင်းခံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref: AP

………………………………..

သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး နိုင်ငအားလုံးပါဝင်ရန် WHO တိုက်တွန်း

သွေးလွန်တုပ်ကွေးအပါအဝင် ခြင်နဲ့ ပိုးမွှားတွေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာလ ၃ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ ခြင်ကနေကူးစက်တဲ့ရောဂါတွေ ကူးစက်ပြန့်ပွားနှုန်း ဆက်တိုက် မြင့်တက်လာနေတာဟာ အလွန်စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ WHO က ပြောကြားခဲ့တာပါ။

ဒါကို နိုင်ငံအားလုံးပူးပေါင်းပြီး တုံ့ပြန်ဆောင်ရွက်ဖို့လိုပါတယ်လို့ WHO ရဲ့ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို ဂက်ဘရေရီးစက်က ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအထိ တစ်ကမ္ဘာလုံး ကူးဆက်ခံရသူ ၁၂ ဒသမ ၃ သန်းရှိခဲ့ပြီး ၆၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ကူးစက်ခံရသူ ၆ ဒသမ ၅ သန်းကျော်ပဲ ရှိခဲ့လို့ နှစ်ဆမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ဖျက်ရေး အစီစဉ်အတွက် လာမယ့်နှစ်မှာဒေါ်လာ ၅၅ သန်းလောက် လိုအပ်မယ်လို့ ဆိုပါတယ်။

Ref: WHO

………………………………..

လက်ဘနွန်တောင်ပိုင်းက ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေးထား

အစ္စရေးက လက်ဘနွန်မြို့တော် ဘေရွတ်မြို့တောင်ပိုင်းက ဟစ်ဘိုလာတွေ အဓိကအခြေစိုက်ရာအနီးက ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးကနေ ဘေရွတ်မြို့ကို အောက်တိုဘာ ၃ ရက်နေ့က ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အစ္စရေးက ဘေရွတ်လေဆိပ်အနီးက ဟစ်ဘိုလာတွေရဲ့ သိုလှောင်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဟစ်ဘိုလာဘက်က ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက် တိုက်ခိုက်ခံရမှုကြောင့် လက်ဘနွန်မှာ ၃၇ ဦးသေဆုံးပြီး ၁၅၁ ဦးဒဏ်ရာရတယ်လို့ လက်ဘနွန်ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးဘက်က ဟစ်ဘိုလာတွေရှိတဲ့ လက်ဘနွန်ကို လေကြောင်းနဲ့ မြေပြင်ကပါ ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

ဘန်ကောက်အနီး မူလတန်းကျောင်းကား မီးလောင်မှု ၂၃ ဦး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ မူလတန်းကျောင်းသားအများစု လိုက်ပါလာတဲ့ ကျောင်းလေ့လာရေးကားတစ်စီး အောက်တိုဘာ ၁ ရက်နေ့က မီးလောင်ခဲ့လို့ ကလေးနဲ့ ဆရာမ ၂၃ ဦး သေဆုံးခဲ့ပါတယ်။

ကားပေါ်မှာ KG ကလေးတွေအပါအဝင် မူလတန်း ကျောင်းသားတွေနဲ့ ဆရာတွေ စုစုပေါင်း ၄၀ ကျော် လိုက်ပါလာခဲ့ကြတာပါ။

ကားက ဥထိုင်းဌာနီက စာသင်ကျောင်းတစ်ကျောင်းကနေ ကျောင်းလေ့လာရေးခရီး ထွက်လာကြတာ ဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားချိန် ကားပေါ်ကနေ ၁၉ ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

မီလောင်မှုကြောင့် ကားပေါ်က ဆရာ ၃ ဦးနှင့် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့ရပါတယ်။

ကလေးငယ်များ သေဆုံးမှုအတွက် ထိုင်းတော်ဝင်မိသားစုအပါအဝင် ထိုင်းဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ဈာပနာကိစ္စများကိုလည်း ထိုင်းတော်ဝင်မိသားစုက ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ကားမီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပါတယ်။

Ref: BBC

………………………………..